ဘရာဇီးလ်နိုင်ပွဲစရပြီး အာဂျင်တီးနား၊ ဗင်နီဇွဲလားတို့နဲ့ အတူ ကိုလံဘီယာ ကွာတားဖိုင်နယ်တက်ခွင့်ရခဲ့တဲ့ ကိုပါအမေရိက

0

ဒီနေ့မနက်ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပွဲတွေအပြီးမှာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းစလုံး အုပ်စုဒုတိယပွဲတွေကစားခဲ့ပြီးဖြစ်ပါတယ်။

ပထမပွဲတုန်းက ကော်စတာရီကာကို ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တဲ့ ဘရာဇီးလ်အသင်းက ဒုတိယပွဲမှာ ပါရာဂွေးကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး နိုင်ပွဲစရခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ အုပ်စု(D)နောက်တစ်ပွဲမှာတော့
နိုင်ပွဲဆက်နေတဲ့ ကိုလံဘီယာအသင်းက ကော်စတာရီကာအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

အုပ်စု ဒုတိယပွဲတွေအပြီးမှာ (၂)ပွဲကစား(၂)ပွဲနိုင် (၆)မှတ်စီရရှိထားတဲ့ အာဂျင်တီးနား၊ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာတို့ ကွာတားဖိုင်နယ်အဆင့်ကို စောစောစီးစီးတက်ရောက်ခွင့်ရသွားခဲ့ပါတယ်။ ဥရုဂွေးအသင်းကလည်း (၂)ပွဲဆက်တိုက်အနိုင်ယူထားပေမယ့် အုပ်စုအနေအထားအရ နောက်တစ်ဆင့်တက်ဖို့ (သေချာသလောက်ရှိပေမယ့်) အုပ်စုနောက်ဆုံးပွဲရလဒ်တွေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘရာဇီးလ်(၄-၁)ပါရာဂွေးပွဲမှာ လက်ရွေးစင်အသင်းအတွက် ဂိုးမသွင်းနိုင်တာ(၁)နှစ်လောက်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဗင်နီစီယပ်စ်က (၂)ဂိုးသွင်းခဲ့ပြီး ကျန်ဂိုးတွေကိုတော့ ဆာဗင်ဟိုနဲ့ ပါကေတာ(ပယ်နယ်တီ)တို့က သွင်းခဲ့တာပါ။

ပါကေတာအနေနဲ့ ပထမပိုင်းမှာ ပယ်နယ်တီမဝင်ခဲ့ပေမယ့် အသင်းဖော်တွေက သူ့အပေါ်ယုံကြည်မှုထားရှိကြောင်း ပြသခဲ့ကြပြီး ဒုတိယပိုင်းမှာ ရရှိတဲ့ပယ်နယ်တီကိုလည်း သူ့ကိုပဲ ကန်ခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကိုလံဘီယာအသင်းက ကော်စတာရီကာအသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် (၂၅)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့သလို၊ (၁၀)ပွဲဆက်တိုက် အနိုင်ကစားနိုင်တဲ့ မှတ်တမ်းကိုလည်း ရရှိခဲ့ပါတယ်။

ကိုလံဘီယာအသင်းဟာ ၂၀၂၂ နှစ်ဆန်းပိုင်းက ပီရူးကိုအိမ်ကွင်းမှာ (ဝ-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ပိုင်း နိုင်ငံတကာပွဲတွေမှာ လုံးဝရှုံးပွဲမရှိတော့ဘဲ ပွဲ(၂၀)အနိုင်ယူကာ (၅)ပွဲကို သရေကစားထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *