ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အနီ/အဝါကတ် အများဆုံးပွဲအဖြစ် စံချိန်တင်သွားတဲ့ ချက်-တူရကီပွဲ

0

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(F) အဆုံးအဖြတ်ပွဲစဉ် ချက်နဲ့ တူရကီတို့ ကစားခဲ့တဲ့ပွဲဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲတစ်ပွဲအတွင်း အနီကတ်/အဝါကတ် အများဆုံးပြတဲ့ပွဲအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

တူရကီအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ရိုမေးနီးယားလူမျိုး ဒိုင်လူကြီးကိုဗက်က ကတ်ပြား(၁၈)ခုအထိ(အဝါကတ် ၁၆ ကတ်/အနီကတ် ၂ ကတ်)ပြခဲ့တာပါ

ဒိုင်လူကြီးကိုဗက်က ပွဲချိန်မိနစ်(၂၀)မှာပဲ ချက်ကွင်းလယ်လူဘာရက်ကို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာကြောင့် ချက်အသင်းဟာ ပွဲချိန်မိနစ်(၇၀)ကျော်ကို တစ်ယောက်လျော့နဲ့ ကစားရပါတယ်။

ဒါ့အပြင် ဒုတိယပိုင်းမှာ ချက်အသင်းအတွက် လူစားဝင်လာတဲ့ တိုက်စစ်မှူးချော်ရီကိုလည်း ပွဲသိမ်းခရာမှုတ်ပြီးမှ ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ချော်ရီနဲ့ တူရကီကစားသမားတွေ ငြိကြပြီး နှစ်ဘက်အပြန်အလှန်အချင်းများနေတဲ့အတွက် ပြဿနာဖန်တီးသူ ချော်ရီကို ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြခဲ့တာပါ။

ဒီပွဲမှာ တူရကီအသင်းအနေနဲ့လည်း ပွဲထွက်ကစားသမား(၁၁)ဦးထဲက (၈)ဦးအပါအဝင် (၁၁)ဦးအထိ အဝါကတ်အပြခံခဲ့ရပါတယ်။ ထူးခြားတာကတော့ ဒီပွဲမှာ ကွင်းထဲဝင်မကစားရတဲ့ အရန်ကစားသမားတွေလည်း အဝါကတ်ပြခံရတာဖြစ်ပြီး ချက်အသင်းက ဒဏ်ရာပြဿနာ ရှိနေတဲ့ တိုက်စစ်မှူးပက်ထရစ်ရှစ်အပါအဝင်(၃)ဦး၊ တူရကီဘက်က တစ်ဦးအပြခံခဲ့ရပါတယ်။

နောက်ဆုံးအဝါကတ်အပြခံရသူကတော့ ပွဲအပြီးမှာ ချော်ရီနဲ့ အဓိကပြဿနာဖြစ်ခဲ့တဲ့ တူရကီဆယ်ကျော်သက်ကစားသမား ဂူလာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *