ရှုံးထွက်အဆင့်တက်ရောက်နိုင်တဲ့ အသင်းတွေထဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲ အင်္ဂလန်

0

ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲတွေအပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်း(၁၆)သင်းအနေနဲ့ ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲလို့ နာမည်ကျော်ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က ထုံးစံအတိုင်း ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေနဲ့ တွက်ချက်ဖော်ပြခဲ့ပါတယ်။

ဒီလို ဖော်ပြခဲ့ရာမှာ ပြိုင်ပွဲမတိုင်ခင်ကအတိုင်း အင်္ဂလန်အသင်းက ထိပ်ဆုံးနေရာမှာပဲ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းကို Opta က ဗိုလ်စွဲနိုင်ခြေ (၂၀%)နဲ့ ထိပ်ဆုံးနေရာမှာပဲ ဆက်လက်သတ်မှတ်ထားခဲ့တာပါ။

အင်္ဂလန်အသင်းအနေနဲ့ အုပ်စုပွဲစဉ်တွေမှာ ခြေစွမ်းမကောင်းလို့ ဝေဖန်ခံနေရပြီး နည်းပြဆောက်ဂိတ်ကို ရာထူးကထုတ်ပယ်ဖို့တောင် ဖိအားပေးမှုတွေရှိနေပေမယ့် ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာတော့ ထိပ်ဆုံးနေရာမှာပဲ ဆက်ရှိနေခဲ့ဖြစ်ပါတယ်။

ဒုတိယနေရာမှာ အုပ်စု(၃)ပွဲစလုံး အနိုင်ရခဲ့တဲ့ စပိန်အသင်းရောက်ရှိလာပါတယ်။ စပိန်အသင်းအနေနဲ့ ပြိုင်ပွဲမတိုင်ခင်က ပြင်သစ်၊ အိမ်ရှင်ဂျာမနီအသင်းတွေရဲ့နောက်မှာသာရှိခဲ့ပေမယ့် အီတလီ၊ ခရိုအေးရှား၊ အယ်လ်ဘေးနီးယားတို့ပါဝင်ခဲ့တဲ့ Group of Death အုပ်စုကျပ်မှာ ပေးဂိုးမရှိဘဲ (၃)ပွဲလုံးအနိုင်ရခဲ့ပြီးနောက် ဗိုလ်စွဲဖို့ ရေပန်းစားမှု မြင့်တက်လာခဲ့တာပါ။

စပိန်အသင်းရဲ့နောက်မှာ အိမ်ရှင်ဂျာမနီအသင်းရှိနေပြီး ပြိုင်ပွဲမတိုင်မီက ဒုတိယနေရာမှာ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းကိုတော့ Opta က (၁၃%)နဲ့ အဆင့်(၄)နေရာသာ သတ်မှတ်ခဲ့ပါတယ်။

နောက်မှာတော့ ပေါ်တူဂီ၊ နယ်သာလန်၊ အီတလီတို့ အသီးသီးရှိနေကြပြီး ဂျာမန်လူမျိုးနည်းပြ ရန်းနစ်ခ်ကိုင်တွယ်နေတဲ့ သြစတြီးယားအသင်းက ဗိုလ်စွဲနိုင်ခြေရှိတဲ့ ထိပ်ဆုံး(၈)သင်းစာရင်းထဲမှာ အံအားသင့်ဖွယ်ပါဝင်လာပါတယ်။

ရှုံးထွက်အဆင့်မတိုင်မီ Opta ကဖော်ပြခဲ့တဲ့
ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်းများ

■ အင်္ဂလန် – (၂၀%)
■ စပိန် – (၁၇%)
■ ဂျာမနီ – (၁၆%)
■ ပြင်သစ် – (၁၃%)
■ ပေါ်တူဂီ – (၈%)
■ နယ်သာလန် – (၇%)
■ အီတလီ – (၅%)
■ သြစတြီးယား – (၄%)

Leave a Reply

Your email address will not be published. Required fields are marked *