လက်ရှိချန်ပီယံ အီတလီ ပြိုင်ပွဲကထွက်ခဲ့ရပြီး အိမ်ရှင်ဂျာမနီ ဆက်ချီတက်ခဲ့ရတဲ့ ယူရို-၂၀၂၄

0

ဆွစ်ဇာလန်(၂-ဝ)အီတလီ
ဂျာမနီ(၂-ဝ)ဒိန်းမတ်

(ယူရို-၂၀၂၄ Round of 16)

ယူရို-၂၀၂၄ Round of 16 အဆင့်မှာပဲ လက်ရှိချန်ပီယံအီတလီအသင်းက ဆွစ်ဇာလန်ကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက စောစောစီးစီးထွက်ခဲ့ရပါတယ်။

အီတလီအသင်း ပြိုင်ပွဲကထွက်ခဲ့ရတာမှာ အသင်းကြီးက အသင်းငယ်ကို မမျှော်လင့်ဘဲရှုံးနိမ့်ခဲ့တာ၊ ခြေစွမ်းအသာရပြီး ဖိကစားနေရာကနေ Counter Attack မိပြီး ဂိုးတွေပေးခဲ့ရလို့ ရှုံးနိမ့်ခဲ့တာလို့ တွေးထင်နေစရာမရှိဘဲ ချန်ပီယံမပီသတဲ့၊ စုတ်ပြတ်သတ်တဲ့ ခြေစွမ်းနဲ့ ကစားခဲ့လို့ ရှုံးသင့်ရှုံးထိုက်စွာ ရှုံးခဲ့ရတာလို့ပဲ ပြောရမှာပါ။

ဒီပွဲပထမပိုင်းတစ်ပိုင်းလုံး ဆွစ်ဇာလန်အသင်းကပဲ ပွဲကို လွှမ်းမိုးကစားခဲ့ပြီး ဂိုးကန်ချက်(၁၀)ကြိမ်လောက်ရှိနေချိန်မှာ အီတလီက ဂိုးကန်ချက်(၁)ကြိမ်သာရှိပြီး ဂိုးပေါက်တည့်ကန်ချက်(၁)ကြိမ်မှ မရှိတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။

အီတလီအသင်းတိုက်စစ်က အသက်မဲ့လွန်းနေပြီး ဒုတိယပိုင်းမှ ချေပဂိုးရဖို့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်ခဲ့တာပါ။ ဒါတောင် ဆွစ်ဇာလန်ဂိုးပေါက်ကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ဘဲ တစ်ပွဲလုံးမှ ဂိုးပေါက်တည့်တာ (၁)ကြိမ်သာရှိခဲ့ပါတယ်။

ဆွစ်ဇာလန်အသင်းအတွက် ချန်ပီယံအီတလီက လွယ်ကူလွန်းနေပြီး ဂိုးသမားဒွန်နာရမ်မာသာ မကောင်းရင် ပိုပြီးတောင် ဂိုးပြတ်နိုင်တဲ့ အနေအထားပါ။ ဆွစ်ဇာလန်အတွက် ဂိုးတွေကိုတော့ ပွဲချိန်(၃၇)မိနစ်မှာ ဗာဂတ်စ်ရဲ့ပေးပို့မှုကနေ ဖရူလာက ပယ်နယ်တီစည်းထဲပြေးဝင်ကန်သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကို ပွဲချိန်(၄၆)မိနစ်မှာ ဗားဂတ်စ်ကိုယ်တိုင် ဒွန်နာရမ်မာရဲ့ခေါင်းပေါ်က ကျော်ပြီး လှလှပပသွင်းယူခဲ့တာပါ။

ဆွစ်ဇာလန်အသင်းဟာ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

အိမ်ရှင်ဂျာမနီအသင်းအနေနဲ့လည်း ဒိန်းမတ်ကို (၂-ဝ)ဂိုးနဲ့နိုင်ခဲ့ပေမယ့် လွယ်လွယ်ကူကူနိုင်ခဲ့တာမဟုတ်ဘဲ ပထမပိုင်းမှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲစပြီး မကြာခင် ဂျာမန်နောက်ခံလူ ရှလော့တာဘတ်သွင်းယူခဲ့တဲ့ဂိုးတစ်ဂိုးကို ကင်မစ်ချ် ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး အင်္ဂလန်ဒိုင် မိုက်ကယ်အိုလီဗာက VAR ရဲ့အကြံပြုချက်နဲ့အတူ ပယ်ချခဲ့ပါတယ်။ ဒီလိုပဲ ဒုတိယပိုင်းမှာ ဒိန်းမတ်ဘက်က ကန်သွင်းခဲ့တဲ့ ဂိုးတစ်ဂိုးကိုလည်း VAR က Semi-automated offside technology နဲ့ လူကျွံဘောဖမ်းခဲ့ပြီး ပယ်ချခဲ့ပါတယ်။ ဒီပွဲမှာ မိုးသည်းထန်စွာရွာခဲ့ပြီး မိုးသီးတွေပါ ကျခဲ့တာကြောင့် ပွဲချိန်(၃၃)မိနစ်လောက်မှာ ပွဲကို မိနစ်အနည်းငယ်ကြာခေတ္တရပ်နားခဲ့ရပါတယ်။

ဒီပွဲရဲ့ပထမဂိုးကိုတော့ ဒုတိယပိုင်း(၅၃)မိနစ်မှာ လက်ထိဘောက ရတဲ့ ပယ်နယ်တီကို တိုက်စစ်မှူးကိုင်ဟာဗက်ဇ်က ကန်သွင်းယူပြီး ရရှိခဲ့ပါတယ်။ ဒုတိယဂိုးကတော့ ပွဲချိန်(၆၈)မိနစ်မှာ ရှလော့တာဘတ်နောက်တန်းကနေ အကွက်မြင်မြင်နဲ့ ကန်တင်ပေးလိုက်တာကို မူဆီယာလာက ပြေးပြေးလွှားလွှားနဲ့ ဂိုးပေါက်ထဲကို လှလှပပကန်သွင်းခဲ့တာပါ။

ဒီပွဲမှာ ဂျိုနသန်တာနာနေလို့ ပွဲထွက်ကစားခွင့်ရတဲ့ ရှလော့တာဘတ်က ခံစစ်အတွက်ရော၊ တိုက်စစ်အတွက်ပါ အကောင်းဆုံးပံ့ပိုးကစားနိုင်ခဲ့သလို၊ ခံစစ်မှူးရူဒီဂါကလည်း အကောင်းဆုံးခြေစွမ်းနဲ့ အနာခံကစားပြီး ဒိန်းမတ်ရဲ့တိုက်စစ်ကို ထိန်းချုပ်ခဲ့ပါတယ်။

ဂျာမနီအသင်းဟာ စပိန်-ဂျော်ဂျီယာပွဲက အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်ကစားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *