ခြေစွမ်းမကောင်းသေးပေမယ့် ကွာတားတက်တဲ့ အင်္ဂလန်နဲ့ ဂျော်ဂျီယာကို အနိုင်ယူပြီး ဂျာမနီနဲ့တွေ့ရတော့မယ့် စပိန်

0

အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယား (AET)
စပိန်(၄-၁) ဂျော်ဂျီယာ

(ယူရို-၂၀၂၄ Round of 16)

အင်္ဂလန်အသင်းက အုပ်စုအဆင့်(၃)ပွဲလုံးမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်၊ စိတ်ပျက်ဖွယ်ရာခြေစွမ်းကိုပြခဲ့တာကြောင့် ဝေဖန်မှုတွေများစွာရှိခဲ့ပေမယ့် နည်းပြဆောက်ဂိတ်က ခေါင်းမာမာနဲ့ သူ့ရဲ့4-2-3-1 ကစားကွက်နဲ့ ဒီလူစာရင်းကိုပဲ ခင်းကျင်းခဲ့ပြီး အပြောင်းအလဲအနေနဲ့ မေနူးကို ပွဲထွက်အသုံးပြုတာပဲ ရှိခဲ့တယ်။

ဒီပွဲမှာလည်း အင်္ဂလန်အသင်းခြေစွမ်းက ဘာမှ ထူးခြားမလာဘဲ အရင်ပွဲတွေလိုပဲ ရုန်းကန်ခဲ့ရတယ်။ အင်္ဂလန်အသင်းအတွက် ပွဲချိန်(၉၄)မိနစ်(၃၄)စက္ကန့်မှာ ကွင်းလယ်လူဘယ်လင်ဂမ်သွင်းယူခဲ့တဲ့ ချေပဂိုးဟာ ဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ကို ပထမဆုံးကန်သွင်းနိုင်တဲ့ ဂိုးပေါက်တည့်ကန်ချက်(Shot on Target)ဖြစ်တဲ့အထိ ဒီပွဲမှာ အင်္ဂလန်အသင်း တိုက်စစ်က တိုင်ပတ်ခဲ့တယ်။

ဆလိုဗက်ကီးယားအသင်းက နာမည်သိပ်မကြီးပေမယ့် အရည်အသွေးမနိမ့်တဲ့ကစားသမားအများစုကို ပိုင်ဆိုင်ထားတာကြောင့် အင်္ဂလန်အသင်းကို ဘောလုံးပေးကိုင်ထားသည့်တိုင် အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တယ်။

ဂိုးစရသွားခဲ့တာလည်း ဆလိုဗက်ကီးယားပဲ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမားရှရန်းဇ်က ပွဲချိန်(၂၅)မိနစ်မှာ အင်္ဂလန်နောက်တန်းကို ကျော်ဖြတ်ကာ ဂိုးသမားနဲ့ အနီးကပ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကို ချေပဖို့ လက်ကျန်ပွဲချိန်(၆၅)မိနစ်လုံးလုံး အင်္ဂလန်အသင်းရဲ့ကြိုးပမ်းမှုဟာ အင်္ဂလန်ပရိသတ်တွေအတွက်တော့ အသက်ရှုကြပ်စရာဖြစ်ခဲ့တယ်။ ပွဲပြီးခါနီး ဒက်ကလန်ရိုက်စ်ကန်ခဲ့တဲ့ဘောလုံး တိုင်ထိသွားခဲ့တာလည်း အင်္ဂလန်အသင်းကံဆိုးပြီလို့ ထင်စရာဖြစ်ခဲ့တယ်။

ပွဲချိန်(၉၀+၄)မိနစ်မှာ ဘယ်လင်ဂမ်က ဘိုင်စကယ်ကစ်နဲ့ လှလှပပကန်ပြီး အဖိုးတန်ချေပဂိုးကို သွင်းပေးခဲ့တာပါ။ အဲဒီနောက် ပုံမှန်ပွဲချိန်စေ့သွားလို့ အချိန်ပို ကစားခဲ့ရတယ်။

နာကျင်အချိန်ပိုမှာ နောက်ပြန်ကန်ချက်နဲ့ ဘယ်လင်ဂမ် သွင်းယူခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အသည်းခွဲ အနိုင်ဂိုး

အချိန်ပိုစတင်ပြီး စက္ကန့်(၅၀)အကြာမှာပဲ တိုက်စစ်မှူးဟာရီကိန်းက ခေါင်းတိုက်ပြီး အင်္ဂလန်အတွက် အနိုင်ဂိုးရယူပေးခဲ့တယ်။ ကိန်းရဲ့ခေါင်းတိုက်ဂိုးက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးအချိန်ပိုသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အချိန်ပိုနောက်ပိုင်းပွဲချိန်တွေမှာလည်း အင်္ဂလန်အသင်းက အရင်လိုပဲ တိုင်ပြန်ပတ်ခဲ့ပေမယ့် ပွဲအပြီးမှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်အသင်းနဲ့ ကစားရမှာပါ။

စပိန်(၄-၁) ဂျော်ဂျီယာပွဲမှာလည်း စပိန်အသင်းက ဂျော်ဂျီယာအသင်းကို ဂိုးအရင်ပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းယူပြီး ဂိုးပြတ်အနိုင်ရခဲ့တယ်။ စပိန်အသင်းအတွက် လူငယ်တောင်ပံကစားသမား(၂)ဦးဖြစ်တဲ့ ဝီလီယံစ်နဲ့ ယာမားလ်တို့က အကောင်းဆုံးခြေစွမ်းနဲ့ ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေ၊ ဂိုးပံ့ပိုးမှုတွေနဲ့ အကျိုးပြုခဲ့တယ်။

စပိန်အသင်းဂိုးရဖို့ ကြိုးစားနေချိန်မှာပဲ တန်ပြန်တိုက်စစ်ကနေ ဂျော်ဂျီယာတောင်ပံကစားသမား ကဗာရာစခယ်လီယာရဲ့ဖိအားပေးမှုကြောင့် ပွဲချိန်(၁၈)မိနစ်မှာ စပိန်နောက်ခံလူ လီနော်မန် Own Goal သွင်းမိခဲ့တယ်။

ဝီလီယံစ် သွင်းယူခဲ့တဲ့ စပိန်အသင်းရဲ့ တတိယမြောက်အနိုင်ဂိုး (၇၅ မိနစ်)

စပိန်အသင်းက သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိရှိနဲ့ ပုံမှန်ပဲ တိုက်စစ်ပြန်ဆင်ခဲ့ပြီး ပွဲချိန်(၃၉)မိနစ်မှာ ရိုဒရီက ပယ်နယ်တီစည်းအပြင်ကနေ ချေပဂိုး ကန်သွင်းယူခဲ့တယ်။ စပိန်အတွက် ကျန်ဂိုးတွေကို ဖေဘီယန်ရုဇ်(၅၁ မိနစ်)၊ ဝီလီယံစ်(၇၅ မိနစ်)၊ အော်လ်မို(၈၃ မိနစ်)တို့က သွင်းယူပေးခဲ့ကြတယ်။

ဂျော်ဂျီယာအသင်းဂိုးရဖို့ တိုက်စစ်ဆင်ရင်း နောက်တန်းမလုံတာကြောင့် စပိန်ကစားသမားတွေရဲ့အခွင့်အရေးအပြည့်အဝရယူခြင်းကို ခံလိုက်ရတာလည်းဖြစ်ပါတယ်။

စပိန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အိမ်ရှင်ဂျာမနီနဲ့ ရင်ဆိုင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *