ဇူလိုင်လ ၁ နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ Round of 16

ပြင်သစ် – ဘယ်လ်ဂျီယံ
(1 July 2024 / 10:30 pm)

ပေါ်တူဂီ – ဆလိုဗေးနီးယား
(2 July 2024 / 1:30 am)

ပြင်သစ် – ဘယ်လ်ဂျီယံ

(ယူရို-၂၀၂၄ Round of 16)

ပြင်သစ်အသင်းမှာလည်း အင်္ဂလန်အသင်းနဲ့ တူညီတဲ့ ပြဿနာမျိုးရှိနေတယ်။ ဒီအသင်းမှာရှိတဲ့ ကစားသမားအင်အားက မနည်းဘူး။ တိုက်စစ်မှာ ဘာပေ၊ ဒမ်ဘီလီ၊ ဂရီးဇ်မန်း၊ ဂျရူးအစရှိတဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေပိုင်ဆိုင်ထားသလို၊ ကွင်းလယ်မှာလည်း ကွန်တေ၊ ချူအာမန်နီ၊ ရာဘီယူ၊ ကာမာဗင်ဂါ အစရှိတဲ့ လုပ်အားနှုန်းကောင်းတဲ့ ထိပ်တန်းကွင်းလယ်ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။

ဒီလို အင်အားတောင့်တင်းတဲ့အသင်းက နောက်ဆုံးကစားခဲ့တဲ့(၄)ပွဲမှာ (၂)ဂိုးပဲ ရတယ်ဆိုတာက မဟုတ်သေးဘူး။ ဒါတောင် ဒီနှစ်ဂိုးက ပြိုင်ဘက်က သူ့ဂိုးသူသွင်းတဲ့ Own Goal နဲ့ ပိုလန်နဲ့ပွဲမှာ ရတဲ့ ပယ်နယ်တီတို့ဖြစ်တယ်။ Open Play ကနေ မိမိကစားသမားတွေ ကိုယ့်ဘာသာကိုယ် သွင်းတဲ့ဂိုးမရှိသေးဘူး။

နည်းပြဒေးရွှမ့်အနေနဲ့ ဒီအခြေအနေကို ပြင်ဆင်နိုင်ဖို့ ဒီပွဲတော့အပြောင်းအလဲတွေလုပ်နိုင်တယ်။ ပိုလန်နဲ့ပွဲမှာ အရန်အဖြစ်ကစားခဲ့ရတဲ့ ဂရီးဇ်မန်းကို ပွဲထွက်ပြန်သုံးပြီး အလုပ်မဖြစ်ခဲ့တဲ့ ဒမ်ဘီလီ၊ ဘာကိုလာ တိုက်စစ်ဘယ်/ညာကို ပြန်ခေါက်ထားဖို့များတယ်။ ရှေ့မှာ သူရမ်နဲ့ ဘာပေကို တွဲပြီး ဂရီးဇ်မန်းက နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားရနိုင်တယ်။

ဘယ်လ်ဂျီယံကလည်း ထင်တိုင်းမပေါက်ဖြစ်နေတယ်။ လူကာကူက ဒီပြိုင်ပွဲမှာ ကံအဆိုးဆုံးကစားသမားအဖြစ် သွင်းသမျှဂိုးတွေ ပယ်ချခံထားရတယ်။ VAR က ဘယ်လ်ဂျီယံကို ဒုက္ခလိုက်ပေးနေသလို ပြိုင်ဘက်အသင်းဂိုးသမားတွေကလည်း ဘယ်လ်ဂျီယံနဲ့ကစားတဲ့ပွဲတွေဆိုရင် ပုံမှန်ထက်ပိုပြီး ကျောက်ထနေတတ်တယ်။

တကယ်ဆိုရင် ဒီဘရိုင်းနား၊ ဒိုကူ၊ တိုင်လေမန်းစ်၊ ထရော့ဆာ့ဒ် အစရှိတဲ့တိုက်စစ်အားသန်ကွင်းလယ်ကစားသမားတွေနဲ့ လူကာကူလို အတွေ့အကြုံရင့်တိုက်စစ်မှူးမျိုးရှိနေတဲ့ ဘယ်လ်ဂျီယံအသင်းက ပွဲတိုင်းဂိုးရသင့်တယ်လို့ ပြောရမယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ဘယ်လ်ဂျီယံက မရုန်းကန်သင့်ပဲ လာရုန်းနေရတယ်။

နှစ်သင်းစလုံးက ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေကြတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ကြပြီး လတ်တလောမှာ ခြေစွမ်းတည်ငြိမ်မှုကျဆင်းနေသလို၊ မျှော်မှန်းတဲ့ရလဒ်တွေမရဖြစ်နေတယ်။ ဒါပေမယ့် တကယ်တမ်းခြေတွေ့လာရင် နှစ်သင်းစလုံးက ကြောက်စရာကောင်းတဲ့အနေအထားမှာရှိကြတယ်။ အမှားမခံတဲ့အဆင့်တွေရောက်လာပြီဆိုတော့ အသင်းကြီးတွေပီပီ အရင်ပွဲတွေထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကို တွေ့ရမယ်လို့ မျှော်လင့်မိတယ်။

နောက်ဆုံးကစားထားတဲ့ (၅)ပွဲမှာ (၁)ဂိုးစီပဲပေးခဲ့ရတဲ့ ဒီနှစ်သင်းအနေနဲ့ ဒီပွဲလည်း ပေးဂိုးနည်းအောင် ခံစစ်ကို ကျစ်ကျစ်လစ်လစ်နဲ့ ကစားပြီး တစ်သင်းကို တစ်သင်းအမှားချောင်းဖမ်းကစားလိမ့်မယ်။ ဒါကြောင့် ဂိုးနည်းမယ်။ ပြင်သစ်(၁-ဝ)လိုရလဒ်နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ပေါ်တူဂီ – ဆလိုဗေးနီးယား

(ယူရို-၂၀၂၄ Round of 16)

ပေါ်တူဂီအသင်းက ဒီပြိုင်ပွဲမှာ ချက်နဲ့ တူရကီကို အနိုင်ကစားပြီးမှ နောက်ဆုံးပွဲမှာ ဂျော်ဂျီယာကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတယ်။ ဂျော်ဂျီယာကို ရှုံးရတာအတွက် သိပ်ပြီး ထူးထူးခြားခြားပြောစရာတော့ မရှိပါဘူး။ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကလွဲလို့ ကျန်နေရာအတော်များများမှာ ကစားသမားတွေကို အပြောင်းအလဲလုပ်ခဲ့တာဆိုတော့ နည်းပြကိုယ်တိုင်က အရှုံးခံကစားခဲ့သလိုပါပဲ။

ဆလိုဗေးနီးယားက ပေါ်တူဂီနဲ့ လွန်ခဲ့တဲ့ (၃)လလောက်က ခြေစမ်းခဲ့ဖူးတယ်။ အဲဒီပွဲမှာ ပေါ်တူဂီ (ဝ-၂)ဂိုးနဲ့ ရှုံးခဲ့ရပြီး လူစုံတက်စုံကစားပြီး ရှုံးခဲ့ရတာပါ။ ခြေစမ်းပွဲဖြစ်လို့ ခြေကုန်ထုတ်မကစားဘဲရှုံးရတာလို့ အကြောင်းပြမယ်ဆိုရင်လည်း သိပ်မလုံလောက်သေးဘူး။ စီရော်နယ်ဒို၊ ဂျော်အိုဖီးလစ်၊ ဗီတင်ညာ၊ ကန်ဆယ်လို၊ ပေပေ၊ ရူဘင်နီဗက်စ်၊ ဒါလော့ အစရှိတဲ့ ကစားသမားတွေပါဝင်ကစားခဲ့ပေမယ့် ဆလိုဗေးနီးယားကို ဂိုးမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့ရတာပါ။

ဆလိုဗေးနီးယားက အင်္ဂလန်၊ ဒိန်းမတ်၊ ဆားဘီးယားအသင်းတွေပါတဲ့အုပ်စုမှာ (၃)ပွဲလုံးကို သရေကစားပြီး အကောင်းဆုံးအုပ်စုတတိယအနေနဲ့ Round of 16 ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ဒီအသင်းက နာမည်ကြီးဂိုးသမားအိုဘလက်ကို ပိုင်ဆိုင်ထားသလို ခံစစ်တောင့်တင်းတဲ့အသင်းလည်းဖြစ်တယ်။ ဒရာကူဆစ်၊ ဘီယိုလ်အစရှိတဲ့ ခံစစ်မှူးတွေနဲ့ ဆီရင်၊ အယ်လ်စနစ်ခ်အစရှိတဲ့ ကွင်းလယ်ကစားသမားတွေက အကောင်းဆုံးအချိန်ကိုရောက်နေကြပြီး ကြံခိုင်မှုအားပြုကစားသူတွေဖြစ်လို့ တော်ရုံတန်ရုံထိုးဖောက်ဖို့ခက်တဲ့အသင်းဖြစ်တယ်။

ဒီပြိုင်ပွဲမှာ ဆလိုဗေးနီးယားရဲ့တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှုက ၃၂% လောက်ပဲရှိပြီး ပြိုင်ဘက်ကို ဘောလုံးပေးကိုင်ပြီး Quick Couter Attack နဲ့ တိုက်စစ်ပြန်ဆင်တတ်တဲ့အသင်းလည်းဖြစ်တယ်။ ပြိုင်ဘက်ကို အတတ်နိုင်ဆုံးဂိုးမပေးရအောင် ပိတ်ဆို့ပြီး အချိန်ပိုအထိ ဆွဲခေါ်ကစားဖို့ ဆလိုဗေးနီးယား ကြိုးစားဦးမှာပါပဲ။

အသက်(၂၅)နှစ်ဝန်းကျင်အရွယ်ကစားသမားအများစုပါဝင်ပြီး ကြံ့ခိုင်မှုကောင်းတဲ့ ဆလိုဗေးနီးယားကို ပုံမှန်ပွဲချိန်အတွင်းမနိုင်ရင် သက်ကြားအိုများတဲ့ပေါ်တူဂီအတွက် နည်းနည်းရှော့ရှိတယ်။ ပွဲချိန်အတွင်း ပေါ်တူဂီ အပြတ်ဖြတ်မှာပါ။ ဒီတစ်ခါတော့ ပေါ်တူဂီအနိုင်(၁-ဝ)(၂-ဝ)လို ရလဒ်မျိုးတွေ့ရမယ်လို့ မျှော်လင့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *