ဘယ်လ်ဂျီယံကို Own Goal နဲ့အနိုင်ရတဲ့ ပြင်သစ် ပယ်နယ်တီအစွမ်းပြပြီး ကွာတားတက်တဲ့ ပေါ်တူဂီ

0

ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံ
ပေါ်တူဂီ(ဝ-၀)ဆလိုဗေးနီးယား (AET)
(ပယ်နယ်တီ ၃-၀ ဂိုးနဲ့ ပေါ်တူဂီနိုင်)

(ယူရို-၂၀၂၄ Round of 16)

ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲမှာ တစ်ပွဲတည်း(၆)ဂိုးကို တွေ့မြင်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဒီပြိုင်ပွဲက ဂိုးတွေ တဖြည်းဖြည်းခမ်းခြောက်လာပါတယ်။ Round of 16 ပွဲ (၆)ပွဲကစားထားရာမှာ ပုံမှန်ပွဲချိန်အတွင်း (၂)ဂိုးထက်ပိုသွင်းတဲ့ပွဲက စပိန်(၄-၁)ဂျော်ဂျီယာပွဲ တစ်ပွဲပဲ ရှိသလို၊ ညက ပွဲ(၂)ပွဲကလည်း တစ်ဂိုးသာ တွေ့ခဲ့ရပါတယ်။

ယူရို -၂၀၂၄ ပြိုင်ပွဲဝင် အသင်းတွေထဲမှာ
ကမ္ဘာ့အဆင့်အမြင့်ဆုံးပြင်သစ်(အဆင့် ၂)နဲ့ ဘယ်လ်ဂျီယံ(အဆင့် ၃)တို့ပွဲက ဂိုးနည်းပြီး ပြင်သစ်အသင်းက Own Goal တစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပေမယ့် ပြင်သစ်ကစားသမားတွေရဲ့အကြိမ်ကြိမ် ထိုးဖောက်ကန်သွင်းမှုတွေ၊ ဘယ်လ်ဂျီယံအသင်းရဲ့အပိုင်ကန်သွင်းချက်တွေကို ပြင်သစ်ဂိုးသမား ကာကွယ်ခဲ့တာတွေကြောင့် ပွဲက ရင်ခုန်စရာကောင်းခဲ့ပြီး ကြည့်ကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်ခဲ့ပါတယ်။

ပြင်သစ်ကစားသမားတွေအတွက် ဂိုးပေါက်ကို ဘေးရော၊ အပေါ်ပါ ချဲ့ပေးဖို့ လိုနေပြီလို့ ဆိုရလောက်အောင် ဘာပေ၊ သူရမ်၊ ချူအာမန်နီ၊ ရာဘီယူတို့က ဂိုးတိုင်ဘေးနှစ်ဖက်၊ ဂိုးဘားတန်းအပေါ်တွေကိုပဲ တစ်ဒိုင်းဒိုင်းကန်ခဲ့ကြပါတယ်။

ဒီပွဲမှာ ပြင်သစ်အသင်းရဲ့ဂိုးပေါက်ကန်သွင်းမှုက အကြိမ်(၂၀)လောက်ရှိပေမယ့် ဘယ်လ်ဂျီယံဂိုးပေါက်ကို (၂)ကြိမ်ပဲတည့်ခဲ့တာကို ကြည့်ရင် ပြင်သစ်ကစားသမားတွေ အခွင့်အရေးတွေဘယ်လောက်ဖြုန်းခဲ့သလဲဆိုတာကို တွေ့နိုင်ပါတယ်။

ဘယ်လ်ဂျီယံဘက်က လူကာကူ၊ ဒီဘရိုင်းနားတို့ရဲ့ဂိုးဝင်နိုင်တဲ့ အပြင်းကန်ချက်တွေကို ပြင်သစ်ဂိုးသမားမိုင်နန်က ကာကွယ်နိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့တစ်လုံးတည်းသောဂိုးကတော့ ပွဲချိန်(၈၅)မိနစ်မှာ မူအာနီကန်တဲ့ဘောလုံးက ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်နဲ့ထိမိပြီး ဂိုးထဲကို လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

ပေါ်တူဂီ-ဆလိုဗေးနီးယားပွဲကလည်း ဂိုးမရှိသရေကျပေမယ့် ရင်ခုန်စရာရသတွေ ပေးခဲ့ပါတယ်။ ပုံမှန်ပွဲချိန်အတွင်း ပေါ်တူဂီကစားသမားတွေ ဂိုးသွင်းခွင့်တွေဖြုန်းတီးခဲ့တာကြောင့် ဒီပွဲက အချိန်ပိုကစားရဖို့ ဖြစ်လာသလို အချိန်ပိုမှာရတဲ့ ပယ်နယ်တီကို စီရော်နယ်ဒိုက ဝင်အောင်မကန်သွင်းနိုင်တာကြောင့်လည်း ပွဲချိန်မိနစ်(၁၂၀)အပြည့်မှာ ပယ်နယ်တီအဆုံးအဖြတ်ခံရဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန်(၁၂၀)မိနစ်အတွင်း ဆလိုဗေးနီးယားဂိုးသမား အိုဘလက်က လက်စွမ်းပြခဲ့ပြီး ပွဲအပြီး ပယ်နယ်တီမှာတော့ ပေါ်တူဂီဂိုးသမားဒီယေဂိုကော်စတာက အထူးလက်စွမ်းပြခဲ့ပါတယ်။ ဆလိုဗေးနီးယားကစားသမားတွေ ကန်တဲ့ ပယ်နယ်တီ(၃)လုံးစလုံးကို ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ဒီပွဲရဲ့သူရဲကောင်းဖြစ်ခဲ့သလို အသင်းကို ကွာတားဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီယေဂိုကော်စတာဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပွဲချိန်(၁၂၀)မိနစ်နဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာ ဂိုးမပေးရတဲ့ ပထမဆုံးဂိုးသမားအဖြစ် စံချိန်မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းနဲ့ ပြင်သစ်အသင်းတို့ ကွာတားဖိုင်နယ်မှာတွေ့ကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက စပိန်-ဂျာမနီပွဲအနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်တွေ့မှာဖြစ်လို့ ဒီ(၄)သင်းစလုံး ဗိုလ်လုပွဲလမ်းကြောင်းက ခက်ခဲကြမ်းတမ်းနေတယ်လို့ ဆိုရမှာပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *