ဇူလိုင် ၂ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ Round of 16

ရိုမေးနီးယား – နယ်သာလန်
(2 July 2024 / 10:30 pm)

သြစတြီးယား – တူရကီ
(3 July 2024 / 1:30 am)

ရိုမေးနီးယား – နယ်သာလန်

(ယူရို-၂၀၂၄ Round of 16)

ရိုမေးနီးယားက (၄)သင်း(၄)မှတ်ရတဲ့အုပ်စုမှာ ဘယ်လ်ဂျီယံကိုကျော်ပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တယ်။ အုပ်စုအဖွင့်မှာ ယူကရိန်းကို (၃-ဝ)နဲ့နိုင်တဲ့ပွဲက ရိုမေးနီးယားအတွက် ဂိုးကွာခြားချက်အသာရစေပြီး များစွာအကျိုးရှိစေခဲ့တယ်။ နည်းပြအန်ဝေါ်ဒန်နက်စကူက ဒီအသင်းကို တိုက်စစ်၊ ခံစစ်ဟန်ချက်ညီတဲ့အသင်းအဖြစ် ကစားချင်တဲ့ပုံစံမျိုးတွေ့ရတယ်။ 4-1-4-1 ကစားကွက်နဲ့ ပွဲထွက်လေ့ရှိပြီး ကွင်းလယ်က မားရီးယပ်စမာရင်က အသင်းရဲ့မောင်းနှင်အားဖြစ်တယ်။

ှSolid defensive structure နဲ့ ပြိုင်ဘက်ရဲ့တိုက်စစ်ကို တစ်သင်းလုံး စုစုစည်းစည်း ခုခံကာကွယ်တတ်သလို၊ ပြိုင်ဘက်ကို တိုက်စစ်ဆင်ရာမှာလည်း ဘယ်ညာက ကိုးမန်း၊ မန်းအစရှိတဲ့ တောင်ပံကစားသမားတွေရော၊ ကွင်းလယ်က စတန်စီယူ၊ ရက်ဇ်ဗန်မာရင်၊ မားရီးယပ်စမာရင် အစရှိတဲ့ကစားသမားတွေပါ မြန်နှုန်းမြင့်ပြေးပြီး အုံလိုက်ကျင်းလိုက် တိုက်စစ်ဆင်တတ်တယ်။ ပယ်နယ်တီစည်းအစပ်က အပြင်းကန်ချက်တွေနဲ့ ဂိုးသွင်းတတ်တာက ဒီအသင်းရဲ့အားသာချက်ဖြစ်တယ်။

နယ်သာလန်ကတော့ ဒီပြိုင်ပွဲမှာ အုပ်စုတတိယကနေ နောက်တစ်ဆင့်တက်ရတဲ့အသင်းကြီးအဖြစ် နိမ့်ပါးတဲ့အခြေအနေဖြစ်နေတယ်။ သြစတြီးယားကို ရှုံးခဲ့တဲ့ပွဲက နယ်သာလန်အသင်းရဲ့အားနည်းချက်တွေကို မီးမောင်းထိုးပြသလို ဖြစ်စေခဲ့တယ်။ မယ်လန်ရဲ့Own Goal ကို အပြစ်မဆိုရင်တောင် ရှမစ်၊ ဆာဘစ်ဇာတို့သွင်းခဲတဲ့ဂိုးတွေမှာ နယ်သာလန်နောက်တန်းက ဖွဲ့စည်းပုံပျက်နေတာကို တွေ့ရတယ်။ ကပ်သင့်တဲ့လူကို မကပ်ဘဲ ဟာကွက်တွေများလွန်းတဲ့ နယ်သာလန်နောက်တန်းအတွက် ခံစစ်တာဝန်ခွဲဝေမှုအပိုင်းက မေးခွန်းထုတ်စရာဖြစ်နေတယ်။

နယ်သာလန်တိုက်စစ်ကတော့ အဆိုးကြီးမဟုတ်ဘဲ ဂိုးသွင်းတတ်သူတွေပေါပါတယ်။ ဂတ်ပို၊ ဒီပိုင်း၊ ဇာဗီဆိုင်မွန်၊ ဝက်ဟောက်စ်တို့လို ဂိုးသွင်းခြေမညံတဲ့ကစားသမားတွေရိုသလို ဖရင်းပေါင်၊ မယ်လန်တို့လို ဂိုးသွင်းတတ်တဲ့တောင်ပံကစားသမားတွေလည်း ရှိပါသေးတယ်။

ဒီပွဲက နယ်သာလန်အနိုင်ရဖို့များတယ်ဆိုပေမယ့် သြစတြီးယားနဲ့ပွဲတုန်းကလို ပေါ့ပေါ့လျော့လျော့လုပ်ရင် ခံသွားရမယ့်ပွဲမျိုးဖြစ်တယ်။ ရိုမေးနီးယားက Solid Defence ခံစစ်ကို ကောင်းကောင်းကစားတတ်တာကြောင့် ဂိုးတော့အများကြီးမပြတ်နိုင်ဘူး။ နယ်သာလန်(၁-ဝ)(၂-၁)လိုရလဒ်မျိုးကိုပဲ အကြိုက်တွေ့မိတယ်။

သြစတြီးယား – တူရကီ

(ယူရို-၂၀၂၄ Round of 16)

သြစတြီးယားက ပြိုင်ပွဲမတိုင်ခင် နောက်ဆုံး(၇)ပွဲမှာ (၆)ပွဲနိုင်ပြီး(၁)ပွဲသရေကျခဲ့တယ်။ ဂျာမနီလိုအသင်းကြီးမျိုးကိုနိုင်တယ်၊ ဆလိုဗက်ကီးယား၊ ဆားဘီးယားတို့လို အသင်းတွေကို နိုင်တယ်။ အခုကစားရမယ့် တူရကီကိုတောင် (၆-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်လိုက်သေးတယ်။

အဲဒီပွဲမှာ တူရကီလည်း လူမလျှိုခဲ့ဘူး။ ချာဟာနိုဂလူး၊ အော့ဇ်ကန်၊ ယီဒစ်ဇ်၊ အက်တာကိုဂလူးအစရှိတဲ့ကစားသမားတွေ အကုန်ပါခဲ့တာပါပဲ။ ဂူလာတောင် ပါသေးတယ်။ ဒီတော့ ဒီပြိုင်ပွဲမှာ ဂျာမန်နည်းပြရန်းနစ်ရဲ့သြစတြီးယားအသင်း ခြေစွမ်းပြနေတယ်ဆိုတာ သိပ်ပြီး အံအားသင့်စရာတော့မဟုတ်ဘူး။

သြစတြီးယားမှာ တစ်ဦးချင်းဘယ်သူဘယ်လောက်ကောင်းသလဲဆိုတာ ဆွဲထုတ်ပြဖို့တော့ခက်တယ်။ ဒါပေမယ့် တစ်သင်းလုံးလိုလို တက်ညီလက်ညီမခိုမကပ်ကစားနေတဲ့ လုပ်အားနှုန်းကို တွေ့ရတယ်။ တိုက်စစ်ဆင်ရာမှာလည်း အတွဲအဖက်မိတဲ့တွဲလုံးတွေကို မြင်တွေ့ရသလို၊ ဘောလုံးဆုံးရှုံးရင်လည်း ခံစစ်အတွက် သူ့နေရာနဲ့သူတာဝန်ကျေပွန်စွာ ခုခံကစားကြတယ်။ ဒါကြောင့် ပြင်သစ်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့သလို ပိုလန်၊ နယ်သာလန်တို့ကို အနိုင်ယူနိုင်ခဲ့တာဖြစ်တယ်။

တူရကီက လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရင့်သူတွေပေါင်းစပ်ပြီး စပိန်အသင်းလို ခြေစွမ်းပြနေတဲ့အသင်းဖြစ်တယ်။ ဒါပေမယ့် တူရကီရဲ့အားနည်းချက်က နောက်တန်းမှာဖြစ်တယ်။ နောက်ခံလူတွေနဲ့ ဂိုးသမားကြားနားလည်မှုလွဲတာတွေ၊ ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်ဆင်မှုကို တားဆီးရာမှာတွေမှာ အားနည်းချက်တွေများတယ်။

ဒီပွဲမှာ တစ်ခုဆိုးတာက တူရကီအသင်းရဲ့အားအထားရဆုံးအသင်းခေါင်းဆောင် ချာဟာနိုဂလူးနဲ့ နောက်ခံလူ အကေဒင်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်တာပါပဲ။ ဒါက အသင်းအပေါ်အများကြီး သက်ရောက်မှုကြီးနိုင်တယ်။

ရန်းနစ်ခ်လက်ထဲမှာ သိသိသာသာတိုးတက်လာတဲ့ သြစတြီးယားက ခြေစမ်းပွဲတုန်းကလိုပဲ တူရကီအတွက် ခက်ခဲစေဦးမှာဖြစ်တယ်။ သြစတြီးယားအနိုင်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ဂိုးလည်းများမယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *