အင်္ဂလန်အတွက် နောက်အကျဆုံးဂိုးသွင်းတဲ့ ဘယ်လင်ဂမ်နဲ့ ယူရိုရဲ့ အချိန်ပိုမှာ အမြန်ဆုံးဂိုးသွင်းတဲ့ ဟာရီကိန်း

0

ယူရို-၂၀၂၄ Round of 16 အဆင့်ပွဲစဉ် အင်္ဂလန်(၂-၁)ဆလိုဗက်ကီးယားပွဲမှာ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဟာရီကိန်းတို့က ထူးခြားတဲ့မှတ်တမ်းတွေ ရရှိခဲ့ကြပါတယ်။

ဒီပွဲရဲ့ ပွဲပြီးခါနီး ပွဲချိန်(၉၄)မိနစ်၊ (၃၄)စက္ကန့်မှာ အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်သွင်းယူခဲ့တဲ့ ချေပဂိုးဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက် (ပုံမှန်ပွဲကစားချိန်အတွင်း) အင်္ဂလန်အသင်းရဲ့နောက်အကျဆုံးဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပုံမှန်ပွဲချိန်အပြီး အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားအသင်းတို့ (၁-၁)ဂိုးနဲ့သရေကျနေလို့ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

အချိန်ပို(၁)မိနစ်မပြည့်ခင် စက္ကန့်(၅၀)အကြာမှာပဲ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းက ခေါင်းတိုက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ ဟာရီကိန်းရဲ့ဂိုးက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အချိန်ပိုပွဲကစားချိန်တွေထဲမှာ အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူတို့နှစ်ဦးအပြင် ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့လူငယ်ကွင်းလယ်လူမေနူးကလည်း အသက်အငယ်ဆုံးမှတ်တမ်းတစ်ခုတင်ခဲ့ပါတယ်။ မေနူးဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ရှုံးထွက်အဆင့်တွေမှာ ပွဲထွက်ကစားခွင့်ရတဲ့ တတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

မေနူးဟာ ဒီပွဲကစားတဲ့ ဇွန်(၃၀)ရက်မှာ အသက်က (၁၉)နှစ်(၇၂)ရက်သာရှိသေးပါတယ်။ အင်္ဂလန်အသင်းသမိုင်းမှာ ဝိန်းရွန်နီ(၁၈ နှစ်၊ ၂၄၄ ရက်)နဲ့ မိုက်ကယ်အိုဝင်(၁၈ နှစ်၊ ၁၉၈ ရက်)တို့အပြီး မေနူးက အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ရှုံးထွက်အဆင့်တွေမှာ ပွဲထွက်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမား ဆိုတဲ့မှတ်တမ်းကို ရယူနိုင်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *