ရိုမေနီးယားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နယ်သာလန် ခြေစွမ်းပြနေတဲ့ ဩစတြီးယားကို ကျော်ဖြတ်ခဲ့တဲ့ တူရကီ

0

ရိုမေးနီးယား(ဝ-၃)နယ်သာလန်
သြစတြီးယား(၁-၂)တူရကီ

(ယူရို-၂၀၂၄ Round of 16)

အုပ်စုနောက်ဆုံးပွဲမှာ သြစတြီးယားကိုရှုံးခဲ့တဲ့ နယ်သာလန်က ရိုမေးနီးယားနဲ့ပွဲမှာတော့ ပုံစံကောင်းကို ပြန်လည်ပြသခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူခဲ့ပါတယ်။

သြစတြီးယားနဲ့ပွဲမှာ (အက်စ်ကိုဘာကို သေနတ်နဲ့ပစ်သလို နယ်သာလန်ပရိသတ်တွေအမှုန့်ခြေချင်စရာကောင်းတဲ့) Own Goal သွင်းခဲ့သူ တောင်ပံတိုက်စစ်ကစားသမားမယ်လန်ကလည်း ဒီပွဲမှာ (၂)ဂိုးသွင်းပြီး ပရိသတ်တွေရဲ့မေတ္တာကို ပြန်ခံယူခဲ့ပါတယ်။

ဒီပွဲမှာ အကောင်းဆုံးကစားသမားအဖြစ် ခြေစွှမ်းပြခဲ့သူက ဂတ်ပိုဖြစ်ပြီး အသင်းအတွက် ပွဲချိန်(၂၀)မိနစ်မှာ ကိုယ်ကိုယ်တိုင်တစ်ဂိုးသွင်းခဲ့သလို မယ်လန်ဂိုးသွင်းနိုင်အောင်လည်း တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှ ဝင်ကစားရတဲ့ မယ်လန်က ပွဲချိန်(၈၃)မိနစ်မှာ တစ်ဂိုး၊ ထပ်ဆောင်းအချိန်ပို(၉၀+၂)မိနစ်မှာ တစ်ဂိုး (၂)ဂိုးသွင်းပေးခဲ့ပါတယ်။

ဒီပွဲမှာ ရိုမေးနီးယားအသင်းက နယ်သာလန်ကို အဖက်ဖက်က ဘယ်လိုမှ မယှဉ်နိုင်ဘဲ ရှုံးသင့်ရှုံးထိုက်စွာ ရှုံးနိမ့်ခဲ့တာပါ။ ဒီပိုင်းဖြုန်းတီးခဲ့တဲ့ ဂိုးအခွင့်အရေးတချို့သာဂိုးဖြစ်ခဲ့ရင် ဒီထက်တောင် ဂိုးပြတ်ဦးမှာပါ။

အုပ်စုပွဲတွေနဲ့ ပြိုင်ပွဲမတိုင်ခင်က ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့သြစတြီးယားအသင်းကတော့ တူရကီနဲ့ပွဲမှာ ရှုံးပွဲနဲ့ရင်ဆိုင်ပြီး ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

သြစတြီးယားအသင်းအနေနဲ့ ပထမပိုင်းမှာ ဂိုးရနိုင်တဲ့အခြေအနေများစွာရှိခဲ့ပေမယ့် ဘမ်ဂါတာ၊ ဆာဗစ်ဇာ၊ အနော်တိုဗစ်တို့ရဲ့ဂိုးကံခေခြင်းများစွာနဲ့အတူ ဂိုးမရခဲ့ဘဲ ဒုတိယပိုင်းချေပဂိုးတစ်ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ပွဲစစချင်း တစ်မိနစ်မပြည့်မီမှာ နောက်ခံလူ ဒီမီရယ်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့တဲ့ တူရကီအသင်းက ပထမပိုင်းမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့ပြီး နောက်တစ်ဂိုးထပ်ရခဲ့ပါတယ်။

ဒီဂိုးကိုလည်း ပွဲချိန်(၅၉)မိနစ်မှာ ဒီမီရယ်ကပဲ ထောင့်ကန်ဘောကဘောလုံးကို Jumping ကောင်းကောင်းနဲ့ ခေါင်းခုန်တိုက်ပြီး ရယူခဲ့တာပါ။ သြစတြီးယားရဲ့ချေပဂိုးတစ်ဂိုးကိုတော့ ပွဲချိန်(၆၆)မိနစ်မှာ ဂရီဂေါ်ရစ်ချ်က သွင်းယူခဲ့ပါတယ်။

တူရကီအသင်းအနေနဲ့ နယ်သာလန်အသင်းတို့ဟာ ကွာတားဖိုင်နယ်မှာ ဆုံတွေ့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *