စီရော်နယ်ဒိုအတွက် ဂိုးကံခေနေတဲ့ ယူရိုပြိုင်ပွဲနဲ့ ပေးဂိုးအနည်းဆုံး ပြင်သစ်နဲ့တွေ့ရတော့မယ့် ပေါ်တူဂီ

0

လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲဝင်နေတဲ့ ကစားသမားတွေထဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုက ဂိုးကန်သွင်းမှု(Shots) အများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။

ဒါပေမယ့် စီရော်နယ်ဒိုအနေနဲ့ အုပ်စုပွဲ(၃)ပွဲနဲ့ Round of 16 (၁)ပွဲ စုစုပေါင်း(၄)ပွဲ ကစားပြီးချိန်အထိ သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်သေးဘဲရှိနေပါတယ်။

ဒီယူရိုပြိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့ ဂိုးကန်ချက်စုစုပေါင်းက အကြိမ်(၂၀)အထိရှိနေပြီး ပြင်သစ်တိုက်စစ်မှူးဘာပေ၊ ဂျာမန်တိုက်စစ်မှူးကိုင်ဟာဗက်ဇ်(၁၅ ကြိမ်စီ) အစရှိတဲ့ နာမည်ကြီးတိုက်စစ်မှူးတွေထက် ဂိုးကန်ချက်(၅)ကြိမ်အထိ အသာရနေတာပါ။

ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့ဂိုးကန်ချက်တွေက ဂိုးတွေဖြစ်မလာသေးဘဲ ရှိနေတာဖြစ်ပါတယ်။ မနေ့ကကစားခဲ့တဲ့ Round of 16 ပွဲစဉ် ပေါ်တူဂီ(ဝ-၀)ဆလိုဗေးနီးယားပွဲမှာ စီရော်နယ်ဒိုဟာ အချိန်ပို(၁၀၅)မိနစ်မှာရရှိခဲ့တဲ့ အဖိုးတန်ပယ်နယ်တီတစ်လုံးကိုလည်း လွဲချော်ခဲ့ပါသေးတယ်။ (ပွဲအပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ ကန်သွင်းတဲ့ပယ်နယ်တီဂိုးတွေက သွင်းဂိုးအရေအတွက်မှာ ထည့်သွင်းတွက်ချက်ခြင်းမရှိပါဘူး)

စီရော်နယ်ဒိုရဲ့နောက်မှာ သူ့လိုပဲ ဂိုးတွေကန်သွင်းနေပေမယ့် တစ်ဂိုးမှမရသေးတဲ့ကစားသမားတွေအဖြစ် လူကာကူ၊ မားကပ်စ်သူရမ်၊ လာမင်းယာမားလ်တို့ရှိနေပြီး ပြိုင်ဘက်ဂိုးဘက်ကို (၁၁)ကြိမ်စီကန်ထားကြပေမယ့် တစ်ဂိုးမှဖြစ်မလာသေးတာပါ။

ဒါကြောင့် မှတ်တမ်းတွေအရ စီရော်နယ်ဒိုအနေနဲ့ ဒီကစားသမားတွေထက် (၂)ဆနီးပါးလောက် ဂိုးကံခေနေတယ်လို့ ဆိုရမှာပါ။ ဒီပြိုင်ပွဲမှာ ဂိုးတစ်ဂိုးသွင်းနိုင်တာနဲ့ စီရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲ(၆)ကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းတင်နိုင်မှာ ဖြစ်ပေမယ့် သူ့အနေနဲ့ ဒီမှတ်တမ်းကိုရရှိဖို့ ဂိုးပေါက်နဲ့ တေ့လွဲလွဲနေရတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ လာမယ့်ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး ဒီအသင်းက ဒီယူရိုပြိုင်ပွဲမှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် (စပိန်နဲ့ ပူးတွဲ) (၁)ဂိုးသာပေးထားရတဲ့အသင်းဖြစ်ပါတယ်။ ဒီတစ်ဂိုးကလည်း ပယ်နယ်တီကပေးထားရတာဖြစ်လို့ ပြင်သစ်နောက်တန်းက ထိုးဖောက်ရအခက်ဆုံးအသင်းတွေထဲမှာပါဝင်နေပါတယ်။

ဒီပြိုင်ပွဲမှာ ဂိုးကံခေနေတဲ့ စီရော်နယ်ဒိုအနေနဲ့ ပြင်သစ်အသင်းကို ဂိုးသွင်းနိုင်ပါ့မလား။ သူ့ရဲ့ကစားသမားဘဝနောက်ဆုံးယူရိုပြိုင်ပွဲမှာမှ ဂိုးမသွင်းနိုင်တဲ့ပြိုင်ပွဲအဖြစ် အဆုံးသတ်ရတော့မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *