အချိန်ပိုသွင်းဂိုးနဲ့ အိမ်ရှင်ဂျာမနီကို အနိုင်ယူခဲ့တဲ့ စပိန်အသင်း ပေါ်တူဂီကိုပယ်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ ပြင်သစ်

0

စပိန်(၂−၁)ဂျာမနီ (AET)
ပေါ်တူဂီ(ဝ-၀)ပြင်သစ် (AET)
(ပြင်သစ် ပယ်နယ်တီ ၅-၃ နဲ့နိုင်)

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်

ကိုပါအမေရိကွာတားဖိုင်နယ်မှာ အချိန်ပိုမကြည့်ရပေမယ့် ယူရိုကွာတားဖိုင်နယ်(၂)ပွဲကတော့ အချိန်ပိုတွေနဲ့အတူ ရင်ခုန်စရာရသတွေကို ပေးခဲ့ပါတယ်။

နှစ်ပွဲစလုံး ပုံမှန်ပွဲချိန်အတွင်း ဂိုးနည်းခဲ့ပေမယ့် တစ်ဖက်ဂိုးပေါက်ကို တစ်ဖက် အပြန်အလှန်ခြိမ်းခြောက်မှုတွေ အတော်များများ ပြုလုပ်ခဲ့ပြီး ပွဲကြီးပွဲကောင်းတွေတော့ ဖြစ်ခဲ့ကြပါတယ်။

စပိန်-ဂျာမနီပွဲမှာ ပွဲချိန်(၈)မိနစ်မှာကတည်းက ပက်ဒရီနာသွားလို့ အော်လ်မိုက လူစားဝင်လာပါတယ်။ ပက်ဒရီနာသွားတာတောင် ခပ်ကောင်းကောင်းလို့ ဆိုရလောက်အောင် အော်လ်မိုက အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပါတယ်။

ပွဲချိန်(၅၁)မိနစ်မှာ ဘယ်တောင်ပံကနေ ယာမားလ်ရဲ့တိကျသေချာတဲ့ပေးပို့မှုကနေ အော်လ်မိုက ပြေးဝင်ကန်သွင်းပြီး စပိန်အတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ ပွဲပြီးခါနီးအထိ စပိန်ကဦးဆောင်ခဲ့ပြီး ပွဲချိန်(၈၉)မိနစ်မှာ ဖလော်ရီယန်ဗစ်ဇ်က ကင်မစ်ချ်ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို ကန်သွင်းပြီး ချေပဂိုးရယူခဲ့ပါတယ်။

ပွဲပြီးခါနီးအထိ (၁-၁)ဂိုးနဲ့သရေကျနေလို့ အချိန်ပိုဆက်ကစားခဲ့ရပြီး ပယ်နယ်တီတွေ့ရမလားလို့ ထင်မှတ်စဉ်အချိန်မှာပဲ လူစားဝင်ကစားသမား မာရီနိုက အော်လ်မိုရဲ့ဖြတ်တင်ဘောပေးပို့မှုကနေ လှလှပပခေါင်းတိုက်ပြီး အနိုင်ဂိုးရယူခဲ့ပါတယ်။

ဒီပွဲမှာ (၂)သင်းကြားခြေစွမ်းကွာဟချက်မများခဲ့ဘဲ ဂျာမနီအသင်းအတွက် ဖူလ်ကု၊ ကိုင်ဟာဗက်ဇ်တို့ အပိုင်အခွင့်အရေးတွေရပေမယ့် ဂိုးဖြစ်အောင်မပြုလုပ်နိုင်ခဲ့တာကြောင့် အိမ်ရှင်အသင်းအနေနဲ့ ကွာတားဖိုင်နယ်မှာပဲ အဆုံးသတ်ခဲ့ရတာပါ။

ပေါ်တူဂီ-ပြင်သစ်ပွဲမှာလည်း ပွဲချိန်(၁၂၀)မိနစ်အထိ ဂိုးမရှိသရေကျခဲ့ပေမယ့် ဂိုးဝင်လုဝင်ခင် အခြေအနေတွေကို များစွာတွေ့ခဲ့ရပါတယ်။ ဘာပေ၊ ဒမ်ဘီလီ၊ ကွန်တေတို့ရဲ့ကန်သွင်းချက်တွေ ဂိုးမဖြစ်ခဲ့သလို၊ ဒမ်ဘီလီ၊ ကာမာဗင်ဂါတို့ရဲ့ကြိုးပမ်းမှုတွေကလည်း တိုင်ထိခဲ့တာကြောင့် ပြင်သစ်အသင်းနစ်နာခဲ့ရပါတယ်။

ပေါ်တူဂီအသင်းမှာလည်း စီရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပွဲချိန်အတွင်း ဂိုးရသင့်ပေမယ့် မရဘဲ အချိန်ပိုပြီးတဲ့အထိ သရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံခဲ့ရပါတယ်။

ပယ်နယ်တီမှာတော့ ပြင်သစ်အသင်းက (၅)လုံးစလုံးကို ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ပေါ်တူဂီအတွက် တိုက်စစ်မှူးဂျော်အိုဖီးလစ်ရဲ့ကန်ချက်တိုင်ထိထွက်သွားခဲ့တာကြောင့် ပြင်သစ်က ပယ်နယ်တီ(၅-၃)ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ စပိန်နဲ့ ပြင်သစ် ဆုံတွေ့မှာဖြစ်ပြီး ဗိုလ်လုပွဲတက်ခွင့်အတွက် အပြိုင်နွဲှရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *