ဆွစ်ဇာလန်ကို ပယ်နယ်တီမှာ ကျော်ဖြတ်ခဲ့တဲ့ အင်္ဂလန်နဲ့ တူရကီကို အနိုင်ရခဲ့တဲ့ နယ်သာလန် ဆီမီးမှာတွေ့မည်

0

အင်္ဂလန် (၁-၁) ဆွစ်ဇာလန်
(အင်္ဂလန် ပယ်နယ်တီ ၅-၃ ဂိုးနဲ့နိုင်)
နယ်သာလန် (၂-၁) တူရကီ

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်

ယူရို-၂၀၂၄ မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအင်္ဂလန်က ပြီးခဲ့တဲ့ Round of 16 မှာ အချိန်ပိုကစားပြီးမှ ဆလိုဗက်ကီးယားကို ကျော်ဖြတ်ခဲ့ရသလို၊ ဆွစ်ဇာလန်ကိုလည်း အချိန်ပို၊ ပယ်နယ်တီအဆုံးအဖြတ်တွေပြီးမှ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။

အင်္ဂလန်အသင်းက ဒီပွဲမှာ ကစားကွက် Formation ပြောင်းပြီး 3 Back နဲ့ 3-4-2-1 ပုံစံခင်းကျင်းခဲ့တယ်။ ဒီပုံစံက ဆွစ်ဇာလန်အသင်းကစားနေကျပုံစံဆိုတော့ အသင်းနှစ်သင်း မထင်မှတ်ဘဲ ကစားကွက်ချင်းတူသွားတယ်။ ကစားသမားအပြောင်းအလဲအဖြစ် ပွဲပယ်ခံရတဲ့ ဂူဟီနေရာမှာ ကွန်ဆာ ဝင်လာပြီး ကွင်းလယ်မှာ မေနူးက ပွဲထွက်ကစားခွင့် ဆက်ပြီး ရရှိခဲ့တယ်။

ဆွစ်ဇာလန်မှာလည်း ရှာကာ၊ ဖရူလာ၊ ဗာဂတ်စ်၊ ဖေဘီယန်ရှား၊ အကန်ဂျီ အစရှိတဲ့ အရည်အသွေးရှိ ကစားသမားတွေရှိနေတော့ ဒီနှစ်သင်းအကြား ကွာဟချက်မကြီးမားခဲ့ဘဲ တစ်သင်းကို တစ်သင်း အပြန်အလှန်ခြိမ်းခြောက်နိုင်ခဲ့တယ်။

ဂိုးစရသွားခဲ့တာက ဆွစ်ဇာလန်အသင်းဖြစ်ပြီး ပွဲချိန်(၇၅)မိနစ်မှာ အင်္ဂလန်နောက်တန်းကစားသမားတွေဖြစ်တဲ့ ကွန်ဆာ၊ စတုန်းစ်တို့ကို ဖြတ်ကျော်လာတဲ့ဘောလုံးကို ဝေါ်လ်ကာ တားဆီးနေတဲ့ကြားက ဆွစ်ဇာလန်တိုက်စစ်မှူးအမ်ဘိုလိုက အနီးကပ်ပိတ်သွင်းယူခဲ့တယ်။

နောက်(၅)မိနစ်အကြာမှာပဲ အင်္ဂလန်ချေပဂိုးပြန်ရခဲ့ပြီး တောင်ပံကစားသမားဆာကာက သူကန်သွင်းနေကျပုံစံအတိုင်း ညာတောင်ပံကနေ ပယ်နယ်တီစည်းအစပ်ကို ဆွဲယူပြီး ဂိုးညာဘက်ထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၉၀)ပြည့်ချိန်မှာရော၊ အချိန်ပိုအပြီးမှာပါ (၁-၁)ဂိုးနဲ့သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ကန်ရာမှာ ဆွစ်ဇာလန်အသင်းအတွက် ပထမဆုံးပယ်နယ်တီကို မန်စီးတီးနောက်ခံလူ အကန်ဂျီ ဝင်အောင်မကန်သွင်းနိုင်ဘဲ အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ် ပုတ်ထုတ်တာခံခဲ့ရတယ်။ အင်္ဂလန်အသင်းက ပယ်နယ်တီ(၅)လုံးစလုံးကို ပါးလ်မား၊ ဘယ်လင်ဂမ်၊ ဆာကာ၊ တိုနေး၊ အာနိုးလ်တို့အားလုံး အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး ပယ်နယ်တီ(၅-၃)ဂိုးနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။

နယ်သာလန်-တူရကီပွဲက တူရကီအသင်းရဲ့ကြိုးစားအားထုတ်မှုကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကံတရားက နယ်သာလန်အသင်းဘက်ကို ဖေးမခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်(၃၅)မိနစ်မှာ တူရကီနောက်ခံလူ အကေဒင်က ဂူလာရဲ့ဖန်တီးမှုကနေ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း တစ်ဝက်လောက်အထိ တူရကီက ဦးဆောင်နိုင်ခဲ့တယ်။

ပွဲချိန်(၇၀)မိနစ်မှ ထောင့်ကန်ဘောကနေ နယ်သာလန်နောက်ခံလူ ဒီဗရေက ချေပဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒီဂိုးရပြီး သိပ်မကြာခင် နောက်ထပ်(၆)မိနစ်လောက်မှာပဲ နယ်သာလန် အနိုင်ဂိုးရခဲ့ပါတယ်။ ဂတ်ပိုရဲ့ထိုးဖောက်မှုကို တူရကီနောက်ခံလူ မယ်ဒူအာတားဆီးရာကနေ ကိုယ့်ဂိုးကိုယ် Own Goal သွင်းမိတာပါ။ ပွဲရဲ့နောက်ဆုံးမိနစ်တွေက တူရကီအသင်း ချေပဂိုးရဖို့ အရှိန်တင်ခဲ့တာကြောင့် ကြည့်ကောင်းခဲ့ပြီး နယ်သာလန်ဂိုးသမားနဲ့ နောက်တန်းကောင်းခဲ့လို့ တူရကီအသင်း အသည်းကွဲခဲ့ရတာပါ။

ဆီမီးဖိုင်နယ်မှာ အင်္ဂလန်နဲ့ နယ်သာလန်တို့ ဆုံတွေ့မှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ တစ်ဖက်ဆီမီးဖိုင်နယ်က စပိန်-ပြင်သစ်ပွဲအနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *