ဘယ်လင်ဂမ်က ပွဲပယ်မခံရပေမယ့် ဒီမီရယ်က ဘာကြောင့် (၂)ပွဲပယ်ခံခဲ့ရတာလဲ

0

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ အင်္ဂလန်အသင်းက ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုမှာ အနိုင်ရရှိခဲ့တဲ့ Round of 16 ပွဲစဉ်မှာ ညစ်ညမ်းတဲ့အမူအရာပြုလုပ်ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ယူရို(၃)သောင်းဒဏ်ကြေးငွေ ချမှတ်ခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီပွဲစဉ်ရဲ့ထပ်ဆောင်းအချိန်ပိုမှာ အင်္ဂလန်အသင်းအတွက် ချေပဂိုးသွင်းယူအပြီး ဆလိုဗက်ကီးယားအသင်းအရန်ခုံတန်းရှေ့မှာ သူ့ရဲ့ခွကြားကို လက်နဲ့ ကိုင်မလိုအမူအရာပြုလုပ်ခဲ့တာပါ။

UEFA ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လင်ဂမ်ကို ဒဏ်ကြေးငွေချမှတ်ခဲ့သလို လာမယ့်နှစ် ဘယ်နေရာမှာမဆို ညစ်ညမ်းတဲ့အမူအရာထပ်ပြီးပြုလုပ်ခဲ့ရင် ပွဲပယ်ခံရမယ့် ဆိုင်းငံ့(၁)ပွဲပယ်ပြစ်ဒဏ်လည်း ချမှတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘယ်လင်ဂမ်ဟာ ဆွစ်ဇာလန်အသင်းနဲ့ ကစားရမယ့် ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ သြစတြီးယား(၁-၂)တူရကီပွဲမှာ လက်ချောင်းတွေကို Wolf Salute ပုံစံပြုလုပ်ပြီးအောင်ပွဲခံခဲ့တဲ့ တူရကီနောက်ခံလူ ဒီမီရယ်ကိုလည်း (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီမီရယ်ဟာ နယ်သာလန်အသင်းနဲ့ ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ တူရကီအသင်းအတွက် ပါဝင်ခွင့်ဆုံးရှုံးခဲ့ပါတယ်။

ဒီမီရယ်နဲ့ ဘယ်လင်ဂမ်တို့ နှစ်ဦးစလုံး ဂိုးသွင်းအပြီး အောင်ပွဲခံခြင်းအတွက် အရေးယူခံရပေမယ့် ပြစ်ဒဏ်မတူညီမှုအပေါ် ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဘယ်လင်ဂမ်ရဲ့ လုပ်ရပ်က ညစ်ညမ်းတဲ့ အပြုအမူဖြစ်ပေမယ့် ဒီမီရယ်ရဲ့လုပ်ရပ်က နိုင်ငံရေး/လူမျိုးရေးသဘောတရားတွေပါဝင်နေပြီး၊ လက်ယာအစွန်းရောက်အမျိုးသားရေးဝါဒီတွေရဲ့အပြုအမူဖြစ်တာကြောင့် ပြစ်ဒဏ်က ပိုမိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။

UEFA ဟာ ပြီးခဲ့တဲ့အုပ်စုပွဲစဉ် ခရိုအေးရှား(၂-၂)အယ်လ်ဘေးနီးယားပွဲတုန်းက လူမျိုးရေးခွဲခြားတဲ့ ကြမ်းတမ်းတဲ့အော်ဟစ်မှုတွေပြုလုပ်ပြီး ပရိသတ်တွေကို ဆွပေးခဲ့တဲ့ အယ်လ်ဘေးနီးယားတိုက်စစ်မှူးဒါကူကိုလည်း နိုင်ငံတကာပွဲ (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒါကူဟာ ပွဲအပြီးမှာ Megaphone (အော်လန်)တစ်ခုကို ကိုင်ပြီး “ဆာ့ဘ်လူမျိုးတွေကို သတ်ပစ်”လို့ ပရိသတ်တွေရှေ့အော်ဟစ်ပြီး ရှေ့ကတိုင်ပေးခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *