ဇူလိုင် ၆ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ ကွာတားဖိုင်နယ်

အင်္ဂလန် – ဆွစ်ဇာလန်
(6 July 2024 / 10:30 pm)

နယ်သာလန် – တူရကီ
(7 July 2024 / 1:30 am)

အင်္ဂလန် – ဆွစ်ဇာလန်

(ယူရို-၂၀၂၄ ကွာတားဖိုင်နယ်)

အင်္ဂလန်အသင်းက ဝေဖန်မှုတွေကြားထဲကပဲ ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာခဲ့တယ်။ Open Play ကနေ တစ်ဂိုးမှ မသွင်းရဘဲ ဆီမီးဖိုင်နယ်အထိ တက်လာတဲ့ ပြင်သစ်ထက်စာရင် အင်္ဂလန်က တော်သေးတယ်ပြောရမယ်။ ဒါပေမယ့် အင်္ဂလန်ဖြစ်နေလို့ အခြားအသင်းကြီးတွေထက် ဒီအသင်းက ဖိအားတွေလိုတာထက်ပိုများနေတယ်။

ဒီပွဲမှာတော့ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ရဲ့သိသာထင်ရှားတဲ့ ကစားကွက်အပြောင်းအလဲကို တွေ့ရမှာဖြစ်ပြီး နောက်တန်းမှာ အဝါကတ်တွေကြောင့် ပွဲပယ်ခံရမယ့် ဂူဟီနေရာမှာ ကွန်ဆာဝင်လာဖို့များတယ်။ ဆောက်ဂိတ်အနေနဲ့ ခေါင်းမာမာနဲ့ သုံးနေတဲ့ 4-2-3-1 ကစားကွက်ကို ဒီပွဲမှာ အပြောင်းအလဲလုပ်ပြီး 3-4-2-1 ပုံစံနဲ့ ပွဲထွက်လာနိုင်တယ်။

3 Back ထားတဲ့ 3-4-3/3-4-2-1 ကစားကွက်က အင်္ဂလန်အသင်းနဲ့ သိပ်မစိမ်းဘဲ ဒုတိယရခဲ့တဲ့ ယူရို-၂၀၂၀ တုန်းက ပွဲ(၃)ပုံ(၂)ပုံကျော်လောက် သုံးခဲ့ဖူးပါတယ်။ မူလတည်ထားတဲ့ 4-2-3-1 ကစားကွက်နဲ့ အဆင်မပြေပေမယ့် ဆောက်ဂိတ်က ပြီးခဲ့တဲ့(၄)ပွဲမှာ ခေါင်းမာမာနဲ့ ဒီကစားကွက်ကိုပဲ တစ်ဦးစ၊ နှစ်ဦးစလဲပြီး ဇွတ်သုံးခဲ့တယ်။ ဒီပွဲမှာတော့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေနဲ့ အင်္ဂလန်ပြန်ကောင်းလာမလား၊ ပိုဆိုးသွားမလားဆိုတာကြည့်ရမယ်။

ဆွစ်ဇာလန်ကတော့ ဒီအဆင့်ကို လေးစားလောက်စရာခြေစွမ်းနဲ့ တက်လာခဲ့တယ်။ အိမ်ရှင်ဂျာမနီကို (၁-၁)ဂိုးနဲ့ သရေကစား၊ ချန်ပီယံအီတလီကို (၂-ဝ)ဂိုးနဲ့ အနိုင်ကစားခဲ့တာကို ကြည့်ရင် ဒီအသင်းက ပေါ့သေးသေးမဟုတ်ဘူးဆိုတာကို တွေ့နိုင်တယ်။

ရှာကာ၊ ဖရူလာ၊ ဗာဂတ်စ်၊ အန်ဒိုယီ အစရှိတဲ့ကစားသမားတွေက ကွင်းလယ်ကို ကြံခိုင်မှုအားပြုပြီး မာကြောမှုနဲ့တည်ဆောက်ထားသလို၊ နောက်တန်းက ဖေဘီယန်ရှား၊ အကန်ဂျီ၊ ရိုဒရီဂွက်ဇ်အစရှိတဲ့ကစားသမားတွေကလည်း တောင့်တင်းခိုင်မာတဲ့ ခံစစ်ကျောက်ဆောင်တွေအဖြစ်ရှိနေကြတယ်။ ဂိုးသမားကလည်း အင်တာမီလန်အသင်းမှာ လက်စွမ်းပြနေတဲ့ ဂိုးသမားဆွန်မားရှိနေတယ်။

အင်္ဂလန်အသင်းအနေနဲ့ အရင်က ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရခဲ့ပြီး နောက်ဆုံး(၁၀)ပွဲမှာ (၈)ပွဲအထိနိုင်ထားတယ်။ ဒါပေမယ့် အခုဆွစ်ဇာလန်က ထိပ်တန်းအသင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းဖြစ်နေပြီး အင်္ဂလန်နောက်တန်းမတည်ငြိမ်မှုကို အခွင့်ကောင်းယူနိုင်တယ်။ အင်္ဂလန်အတွက် လွယ်ကူမယ့်ပွဲတစ်ပွဲဖြစ်လာမှာ မဟုတ်ဘဲ အချိန်ပို၊ ပယ်နယ်တီတွေအထိရောက်သွားနိုင်တယ်။ ပုံမှန်ပွဲချိန်အတွင်းလည်း ဂိုးနည်းနိုင်တယ်။

နယ်သာလန် – တူရကီ

(ယူရို-၂၀၂၄ ကွာတားဖိုင်နယ်)

နယ်သာလန်က အုပ်စုနောက်ဆုံးပွဲမှာ သြစတြီးယားကို ရှုံးခဲ့တာကြောင့် အုပ်စုတတိယနေရာကနေ Round of 16 ကို တက်ခဲ့ရတဲ့အသင်းဖြစ်ပြီး Round of 16 အဆင့်မှာတော့ ရိုမေးနီးယားကို (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ကစားနိုင်ခဲ့တယ်။

ဒီအသင်းမှာ ဂတ်ပိုကခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတယ်။ ကစားခဲ့တဲ့ (၄)ပွဲကို ခြုံကြည့်ရင် နယ်သာလန်ခြေက တည်ငြိမ်မှုနည်းနေပြီး ပြိုင်ဘက်အပေါ်မူတည်ပြီး ပြောင်းလဲနေတယ်။ ဒီအသင်းရဲ့အားသာချက်ဆိုရင်တော့ နာသန်အကီ၊ ဗန်ဒိုက်၊ ဒီဗရီ၊ ဒမ်ဘရိုင်းစ်တို့ ပါဝင်တဲ့ နောက်တန်းဖြစ်ပြီး အားနည်းချက်ဆိုရင်တော့ ဖရန်ကီဒီယွန်း၊ မာတင်ဒီရွန်း၊ ကုမိုင်နာတို့လို ကစားသမားကောင်းတွေမပါလာတဲ့ကွင်းလယ်ပိုင်းနဲ့ ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးနေတဲ့ အထောင်တိုက်စစ်မှူး ဒီပိုင်းလို့ပဲ ပြောရမယ်။

ရိုမေးနီးယားအသင်းရဲ့အားနည်းချက်ကြောင့် Round of 16 မှာ နယ်သာလန်အသင်းလွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် ပြင်သစ်၊ သြစတြီးယားတို့နဲ့ပွဲတွေမှာ ပြိုင်ဘက်တွေက ပိုမိုအသာစီးရယူကစားခဲ့တာကို မမေ့သင့်ဘူး။

တူရကီက အုပ်စုအဆင့်မှာ ဂျော်ဂျီယာ၊ ချက်အစရှိတဲ့အသင်းတွေကို အနိုင်ရခဲ့သလို၊ Round of 16 အဆင့်မှာလည်း ခြေစွမ်းထက်နေတဲ့ သြစတြီးယားကို ကျော်ဖြတ်ခဲ့တဲ့အသင်းဖြစ်တယ်။

ပြီးခဲ့တဲ့ Round of 16 မှာ ပွဲပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူချာဟာနိုဂလူးနဲ့ နောက်ခံလူအကေဒင်တို့ ပြန်ပါလာမှာဖြစ်ပြီး အဲဒီပွဲမှာ (၂)ဂိုးသွင်းပြီး လူမျိုးကြီးဝါဒအောင်ပွဲခံမှုကို လုပ်ခဲ့တဲ့ နောက်ခံလူ ဒီမီရယ်ကတော့ ပွဲပယ်ခံရတာကြောင့် ဒီပွဲလွဲမယ်။ တူရကီက ယီလ်မက်ဇ်၊ ယီလ်ဒစ်၊ ဂူလာအစရှိတဲ့ ငယ်ရွယ်တဲ့ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ လျှင်မြန်တဲ့တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး နယ်သာလန်နောက်တန်းက ဝါရင့်နောက်ခံလူတွေနဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။

သချာၤနည်းအရတွက်ရင်တော့ နယ်သာလန်ကို (၃-၂)ဂိုးနဲ့အနိုင်ရထားတဲ့ သြစတြီးယားကို တူရကီက (၂-၁)ဂိုးနဲ့ နိုင်ထားတယ်။ ဒီတော့ တူရကီဘက်ကနေချင်စရာပဲ။ အမှန်တကယ်လည်း တူရကီက နယ်သာလန်အတွက် အိပ်မက်ဆိုးဖြစ်နိုင်တဲ့အသင်းဖြစ်တယ်။ နယ်သာလန် အနိုင်ရဖို့ခက်ခဲပြီး အချိန်ပို၊ ပယ်နယ်တီတွေအထိသွားချင်သွားနိုင်တယ်။ ပုံမှန်ပွဲချိန်အတွင်း နှစ်သင်းပေါင်း ဂိုးများမယ်လို့ထင်နေတယ်။

Leave a Reply

Your email address will not be published. Required fields are marked *