ဇူလိုင် ၉ ရက်နေ့ အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်

စပိန် – ပြင်သစ်
(10 July 2024 / 1:30 am)

ကိုပါအမေရိက ဆီမီးဖိုင်နယ်

အာဂျင်တီးနား – ကနေဒါ
(10 July 2024 / 6:30 am)

စပိန် – ပြင်သစ်

(ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်)

စပိန်အသင်းက ကွာတားဖိုင်နယ်မှာ အိမ်ရှင်ဂျာမနီကို အချိန်ပိုသွင်းဂိုးနဲ့ ကျော်ဖြတ်လာတဲ့အသင်းဖြစ်ပြီး ပြင်သစ်အသင်းကတော့ ပေါ်တူဂီကို ပယ်နယ်တီနဲ့ ကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။ ဒီ ယူရိုပြိုင်ပွဲမှာ ရလဒ်ပိုင်း၊ ခြေစွမ်းပိုင်း အားအရဆုံးအသင်းဆိုရင် စပိန်အသင်းကိုသာပြရမှာပါ။ အုပ်စုအဆင့်မှာ တစ်ဂိုးမှ မပေးရဘဲ ပွဲတိုင်းကို အနိုင်ယူခဲ့သလို ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးအသင်းအဖြစ် (၁၁)ဂိုးသွင်းထားတယ်။ (၂)ဂိုးပဲ ပြန်ပေးရတယ်။ ပေးရတဲ့(၂)ဂိုးအနက် တစ်ဂိုးက Own Goal ဖြစ်တယ်။

ဒီပြိုင်ပွဲမှာ စပိန်တောင်ပံတိုက်စစ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ နီကိုဝီလီယံစ်နဲ့ လာမင်းယာမားလ်တို့က ခြေစွမ်းပြနေကြပြီး အသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကို ပုံစံအမျိုးမျိုးနဲ့ ပုံဖော်ပေးနေကြတယ်။ သူတို့နှစ်ဦးအပါအဝင် စပိန်တိုက်စစ်က မိုရာတာနဲ့ အော်လ်မို၊ ကွင်းလယ်က ဖေဘီယန်ရုဇ်တို့ရဲ့ ဂိုးကန်သွင်းချက်တွေကြောင့် ဒီအသင်းရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုက အခြားဘယ်အသင်းထက်မဆို သိသိသာသာပိုမိုများပြားတယ်။

ပြင်သစ်အသင်းရဲ့ဂိုးကန်သွင်းမှုစုစုပေါင်းက (၈၉)ကြိမ်သာရှိပေမယ့် စပိန်အသင်းက (၁၀၂)ကြိမ်အထိရှိတယ်။ သွင်းဂိုးချင်း ယှဉ်ရင်လည်း ဆီနဲ့ရေလို့ ဆိုရလောက်အောင် စပိန်က ပြင်သစ်အသင်းထက် (၈)ဂိုးပိုများနေတယ်။ ပြင်သစ်အသင်းရခဲ့တဲ့ (၃)ဂိုးမှာလည်း (၂)ဂိုးက ပြိုင်ဘက်အသင်းတွေရဲ့ Own Goal ဖြစ်ပြီး တစ်ဂိုးက ပယ်နယ်တီ။ Open Play က သွင်းနိုင်တဲ့ဂိုးတစ်ဂိုးမှ မရှိသေးဘူး။

စပိန်အသင်းမှာ ဒဏ်ရာရနေတဲ့ ပက်ဒရီ၊ ပွဲပယ်ထိထားတဲ့ ကာဗာဟယ်လ်၊ လီနော်မန်တို့ ဒီပွဲမှာ ပါနိုင်မှာမဟုတ်ဘူး။ ပက်ဒရီမပါလည်း တိုက်စစ်ခြေစွမ်းပြနေတဲ့ အော်လ်မိုရှိနေတော့ပြဿနာမဟုတ်ဘူး။ ကာဗာဟယ်လ်မပါတဲ့ ညာနောက်ခံနေရာမှာ ဝါရင့်နောက်ခံလူနာဗက်စ်၊ လီနော်မန်နေရာမှာ နာချို ဝင်ကစားလို့ရတယ်။ စပိန်အတွက် ကြီးမားတဲ့ပြဿနာတော့မဟုတ်ဘူး။

ပြင်သစ်မှာက ဒဏ်ရာ/ပွဲပယ်မရှိဘူး။ လူစုံတယ်။ ပြီးခဲ့တဲ့ပွဲမှာ ပါခွင့်မရခဲ့တဲ့ ရာဘီယူလည်းပြန်လာပြီ။ သတင်းတွေအရတော့ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ တိုက်စစ်မှူးဂရီးဇ်မန်းကို ခေါက်ပြီး မူအာနီကို သုံးဖို့များတယ်။ ဒမ်ဘီလီ၊ မူအာနီ၊ ဘာပေတို့ရဲ့တိုက်စစ်က စပိန်တိုက်စစ်အတွဲထက် မညံ့ပေမယ့် လက်ရှိမှာ Inform ဖြစ်နေတာက စပိန်တိုက်စစ်မှူးတွေဖြစ်တယ်။ ကွင်းလယ်မှာ ကန်တေ၊ ချူအာမန်နီ၊ ရာဘီယူအတွဲက အော်လ်မို၊ ရိုဒရီ၊ ရုဇ် စပိန်ကွင်းလယ်အတွဲနဲ့ ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ခြေစွမ်းပြနေတဲ့ ဆာလီဘာ ဦးဆောင်တဲ့ ပြင်သစ် နောက်တန်းကလည်း စပိန်ထက်မညံ့ပါဘူး။ ပြင်သစ်အသင်းအတွက် ကွင်းလယ်နဲ့ ခံစစ်က စပိန်ကို ကောင်းကောင်းယှဉ်နိုင်ပေမယ့် တိုက်စစ်ကတော့ အားနည်းချက်များနေတယ်။

ပြင်သစ်အသင်းရဲ့လူစာရင်းဖွဲ့စည်းပုံက စပိန်ထက်တောင် ကြောက်စရာကောင်းတာမှန်ပေမယ့် လက်ရှိမှာ တကယ့်လက်တွေ့ခြေစွမ်းက စပိန်က ပိုကြောက်စရာကောင်းနေတယ်။ ပြင်သစ်အသင်းအနေနဲ့ စာရွက်ပေါ်က လူစာရင်းထက် တကယ့်လက်တွေ့ခြေစွမ်းက ကောင်းဖို့လိုနေပြီ။ တိုက်စစ်ကလည်း ပိုထက်မြက်ဖို့ လိုအပ်နေပြီ။

နှစ်သင်းစလုံး မာကြောတဲ့ နောက်တန်းတွေကို ပိုင်ဆိုင်ထားကြတာကြောင့် ဂိုးရဖို့ ခက်ခဲနိုင်တယ်။ အခုအချိန်အထိ ပုံစံပျက်နေတဲ့ ပြင်သစ်ရှေ့တန်းထက်စာရင် free-flowing ကစားနေတဲ့ စပိန်တိုက်စစ်က ဂိုးရဖို့ ပိုမိုယုံကြည်စရာရှိတယ်။ ဒါကြောင့် ဒီပွဲ စပိန်ကိုပဲ ရွေးချယ်ကြည့်ချင်တယ်။ ဂိုးနည်းမယ်။

အာဂျင်တီးနား – ကနေဒါ

(ကိုပါအမေရိက ဆီမီးဖိုင်နယ်)

ဒီနှစ်သင်းက တစ်အုပ်စုတည်းကျခဲ့လို့ ပြိုင်ပွဲရဲ့အဖွင့်ပွဲမှာ တွေ့ခဲ့ကြပြီး အာဂျင်တီးနားအသင်းက (၂-ဝ)ဂိုးနဲ့နိုင်ခဲ့တယ်။ ဒီနှစ်သင်းရဲ့ ကစားသမားအင်အားချင်းကွာသလို ခြေစွမ်းချင်းလည်း ကွာပါတယ်။ မက်ဆီက ဒီပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်သေးပေမယ့် အသင်းအတွက် ပံ့ပိုးမှုတွေ အကောင်းဆုံးလုပ်ပေးနေတယ်။

ကနေဒါကို အုပ်စုအဖွင့်မှာအနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း အသင်းအတွက် တိုက်စစ်ကို ကောင်းကောင်း ထိန်းကျောင်းပေးခဲ့ပြီး လော်တာရိုမာတီနက်ဇ် သွင်းတဲ့ဂိုးကို လှလှပပ ဖန်တီးပေးခဲ့တယ်။ ဒဏ်ရာကြောင့် အုပ်စုနောက်ဆုံးပွဲလွဲခဲ့ပေမယ့် ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အသင်းအတွက် ပြန်ကစားပေးနေတဲ့ မက်ဆီအနေနဲ့ ဘာကြီးကြီးမားမားပြဿနာမှ မရှိတာကြောင့် ဒီပွဲလည်း ပွဲထွက်စာရင်းမှာလာဦးမှာပါ။

ကွာတားဖိုင်နယ်မှာ နှစ်သင်းစလုံး ပြိုင်ဘက်တွေကို သရေကျပြီး ပယ်နယ်တီအဆုံးအဖြတ်တွေ ကန်ခဲ့ရပေမယ့် ဒီပွဲမှာတော့ အာဂျင်တီးနား ပယ်နယ်တီအထိ သွားစရာအကြောင်းမရှိပါဘူး။ လူစုံတက်စုံကစားမယ့် အာဂျင်တီးနား ဒီပွဲမှာတော့ ပုံမှန်ပွဲချိန်အတွင်း အဖြေထွက်အောင် ကစားမှာပါ။ တကယ်ကစားရင် အုပ်စုတုန်းကထက်တောင် ကနေဒါကို ဂိုးပြတ်အောင် အာဂျင်တီးနားကစားနိုင်ပါတယ်။ မက်ဆီ ဂိုးပေါ်ပြီး အာဂျင်တီးနား (၂-ဝ)(၃-၁)လိုရလဒ်တွေနဲ့ အနိုင်ရပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *