အင်္ဂလန်ဒိုင်လူကြီးတွေ ပယ်ချခဲ့တဲ့ ကူကူရယ်လာ လက်ထိဘောရှင်းတမ်း

0

မနေ့က ကစားခဲ့တဲ့ စပိန်(၂-၁)ဂျာမနီပွဲရဲ့အချိန်ပိုဒုတိယပိုင်းမှာ စပိန်ဂိုးပေါက်ဆီကို ဂျာမန်ကွင်းလယ်လူ မူဆီယာလာ ကန်သွင်းခဲ့တဲ့ဘောလုံးဟာ စပိန်ဂိုးဧရိယာအတွင်းမှာရှိနေတဲ့ စပိန်နောက်ခံလူ ကူကူရယ်လာရဲ့လက်နဲ့ထိသွားခဲ့ပါတယ်။

ဒီလို လက်နဲ့ထိပေမယ့် ဒီပွဲရဲ့အင်္ဂလန်ဒိုင်လူကြီး အန်သိုနီတေလာက ပယ်နယ်တီပေးဖို့ငြင်းဆန်ခဲ့သလို VAR ဒိုင် စတူးဝပ်အက်ဝဲလ်ကလည်း ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ထောက်ခံခဲ့ပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်အတွက် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ Round of 16 အဆင့် ဂျာမနီ(၂-ဝ)ဒိန်းမတ်ပွဲမှာ ဒိန်းမတ်နောက်ခံလူ အန်ဒါဆန်လက်နဲ့ဘောလုံးထိစဉ်က လက်ထိဘောသတ်မှတ်ပြီး ပယ်နယ်တီပေးခဲ့တာနဲ့ နှိုင်းယှဉ် ဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် ဂျာမန်ဆိုရှယ်မီဒီယာတွေမှာ ဂျာမနီအသင်းပြိုင်ပွဲက ထွက်ရခြင်းအပေါ် ဒီဖြစ်ရပ်ကို Hightlight လုပ်ထောက်ပြပြီး အင်္ဂလန်ဒိုင်လူကြီးတွေဖြစ်တဲ့ အန်သိုနီတေလာ၊ စတူးဝပ်အတ်ဝဲလ်တို့အပေါ် အမုန်းတရားတွေနဲ့ ရေးသားမှုတွေရှိလာပါတယ်။

ဒါကြောင့် ESPN ၊ ITV အစရှိတဲ့ ရုပ်သံတွေက ဘောလုံးကျွမ်းကျင်သူတွေက ဒီဖြစ်ရပ်မှာ လက်ထိဘောပြစ်ဒဏ် ဘာလို့မသတ်မှတ်ခဲ့သလဲ၊ ပယ်နယ်တီဘာကြောင့် မပေးခဲ့သလဲဆိုတာကို ရှင်းလင်းခဲ့ကြပါတယ်။

ESPN အယ်ဒီတာ ဒေးလ်ဂျွန်ဆင်က ပြိုင်ပွဲမတိုင်မီ လက်ထိဘောနဲ့ပတ်သက်ပြီး UEFA ရဲ့သတ်မှတ်ချက်တွေအရ ဒီပွဲက ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာ X မှာရေးသားခဲ့သလို ITV ရဲ့ဘောလုံးစည်းမျဉ်းဥပဒေဆိုင်ရာကျွမ်းကျင်သူ ခရစ္စတီးနားအန်ကယ်ကလည်း ဘာကြောင့် ဒိုင်လူကြီးတွေက ပယ်နယ်တီမသတ်မှတ်သလဲဆိုတာကို အဓိက အချက်(၃)ချက်နဲ့ ရှင်းပြပါတယ်။

■ ဒီဖြစ်ရပ်မှာ ကူကူရယ်လာအနေနဲ့ သူ့ရဲ့လက်ကိုကွင်းမြက်ခင်းပြင်နဲ့ Vertically ထောင်လိုက်အနေအထား အောက်သို့ချထားပါတယ်။
■ လက်က ခန္ဓာကိုယ်ရဲ့အနောက်ဘက်ကို ရောက်နေပြီး (ဘောလုံးကို ကာကွယ်ဖို့အတွက်) မိမိရဲ့ခန္ဓာကိုယ်ကို ပိုမိုပြန့်ကားသွားအောင် ပြုလုပ်ခြင်းမရှိတာတွေ့ရပါတယ်။
■ သူ့ရဲ့ခန္ဓာကိုယ်က စောင်းနေတာကြောင့် လက်ကကွာသလိုရှိနေပေမယ့် လက်မောင်းတွေက ခန္ဓာကိုယ်နဲ့ နီးကပ်စွာရှိနေပါတယ်။

ဒီအချက်တွေကြောင့် လက်ထိဘောပြစ်ဒဏ်မဖြစ်ခဲ့လို့ ပယ်နယ်တီအဖြစ် မသတ်မှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဂျာမနီ(၂-ဝ)ဒိန်းမတ်ပွဲမှာ ဒိန်းမတ်နောက်ခံလူ အန်ဒါဆန်လက်နဲ့ဘောလုံးထိစဉ်က သူ့ရဲ့လက်က ခန္ဓာကိုယ်အရှေ့ကို ထွက်နေပြီး အတားအဆီးတစ်ခုလို ဖြစ်နေတာကြောင့် ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ရှင်းလင်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *