ပြင်သစ်ကို ယာမားလ်၊ အော်လ်မိုတို့ရဲ့ လှပတဲ့ဂိုးတွေနဲ့ အနိုင်ယူပြီး ယူရိုဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ စပိန်အသင်း

0

စပိန်(၂-၁)ပြင်သစ်
(ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်)

ချန်ပီယံဟောင်းနှစ်သင်းတွေ့တဲ့ပွဲမှာ ချန်ပီယံဆု(၃)ကြိမ်ရ စပိန်အသင်းက ချန်ပီယံဆု(၂)ကြိမ်ရ ပြင်သစ်အသင်းကို ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။

ပြင်သစ်အသင်းအနေနဲ့ အရင်ပွဲတွေထက် ကစားပုံပိုကောင်းလာတယ်ဆိုပေမယ့် ဒုတိယပိုင်းခြေစွမ်းကတော့ ဗိုလ်လုပွဲတက်ဖို့ မထိုက်တန်ဘူးလို့ ဆိုရမှာပါ။

ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ပြင်သစ်က ဖိကစားရမယ့်အစား စပိန်အသင်းရဲ့ Possession Football နဲ့ ဖိအားပေးခြင်းခံရပြီး ထိထိရောက်ရောက်ပြန်တိုက်စစ်မဆင်နိုင်ဘဲ အရေးနိမ့်ခဲ့ရတာပါ။ စပိန်အသင်းက အနိုင်ဂိုအရေးနိမ့်ခဲ့ရတာခံစစ်ပြင်ကစားတာမျိုးမလုပ်ဘဲ ဘောလုံးကိုင်ပြီး ပြင်သစ်ကို ဖိကစားခြင်းနဲ့အတူ ပြင်သစ်အသင်းရဲ့ ပွဲအပေါ်စိုးမိုးနိုင်မှုကို လျှော့ချလိုက်တာပါ။

ဒီပွဲမှာ ဂိုးစရသွားတာက ပြင်သစ်ဖြစ်ပြီး ပွဲစပြီး (၈)မိနစ်မှာပဲ ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရတဲ့ မူအာနီက အနီးကပ်​ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒါပေမယ့် ပြင်သစ်အသင်းရဲ့ဦးဆောင်မှုက (၁၀)မိနစ်ကျော်ကျော်သာကြာမြင့်ခဲ့ပါတယ်။ ပွဲချိန်(၂၁)မိနစ်မှာ စပိန်လူငယ်ကစားသမား လာမင်းယာမားလ်က (၂၅)မီတာအကွာကနေ တစ်ချက်ခေါက်ပြီး လှလှပပ ဂိုးထောင့်ထဲကို ကန်သွင်းခဲ့ပါတယ်။

စပိန်လူငယ်ကစားသမား ယာမားလ် အဝေးကနေ လှလှပပ ကန်သွင်းယူခဲ့တဲ့ ချေပဂိုး (21 min)

ယာမားလ်ရဲ့ကန်ချက်ကောင်းလွန်းတာကြောင့် ပြင်သစ်ဂိုးသမားမိုင်နန်ဘယ်လိုမှ ဖမ်းမမိဘဲ ချေပဂိုးပေးခဲ့ရပါတယ်။ နောက်(၄)မိနစ်အကြာမှာပဲ ပြင်သစ်ဂိုးဧရိယာထဲမှာ စပိန်တိုက်စစ်ကစားသမားအော်လ်မိုက ပါးနပ်စွာဘဲ ဘောလုံးကို Space ရှိတဲ့ဘက်ခြမ်းကို ထုတ်ပြီး ဂိုးထဲအပြင်းကန်သွင်းခဲ့ပါတယ်။

ဒီဘောလုံးကို ပြင်သစ်နောက်ခံလူ ခွန်ဒဲဖျက်ထုတ်ဖို့ ကြိုးစားပေမယ့် သူ့ခြေထောက်နဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့ပါတယ်။ ခွန်ဒဲ Own Goal ကန်သွင်းသလို ဖြစ်ခဲ့ပေမယ့် အော်လ်မိုကန်တဲ့ဘောလုံးက ဂိုးထောင့်ထဲကို ဦးတည်နေတာကြောင့် ဒီဂိုးသွင်းသူအဖြစ် အော်လ်မိုကိုသာ သတ်မှတ်ခဲ့ပါတယ်။

ပွဲချိန်(၂၅)မိနစ်ထဲက (၂-၁)ဖြစ်နေတဲ့ ဒီပွဲမှာ မြောက်မြားစွာသောဂိုးတွေကို ဆက်တွေ့ရမလားလို့ ထင်ခဲ့ရပေမယ့် စပိန်အသင်းက ထပ်မသွင်းနိုင်ခဲ့သလို ပြင်သစ်အသင်းကလည်း စပိန်ကို ကစားကွက်အသာစီးမရယူနိုင်ဘဲ တိုက်စစ်ကစားပုံလည်း ညံ့လွန်းတာကြောင့် ဒီဂိုးရလဒ်အတိုင်းပဲ ပွဲပြီးခဲ့ရပါတယ်။

ပွဲပြီးခါနီးမှာ စပိန်ကစားသမားတွေ ဒဏ်ရာ/နာကျင်မှုအကြောင်းပြပြီး ကွင်းထဲမကြာခဏလှဲချအချိန်ဆွဲခဲ့တာက ပြင်သစ်အသင်းအတွက် ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ အသက်(၁၇)နှစ်ပြည့်ဖို့ (၄)ရက်လိုသေးတဲ့ စပိန်လူငယ်ကစားသမားလာမင်းယာမားလ်က ကိုယ်တိုင်ဂိုးသွင်းယူခဲ့တဲ့အပြင် စပိန်အသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကို ကောင်းကောင်းဖန်တီးနိုင်ခဲ့ပါတယ်။ သူတစ်ချက်ခေါက်ပြီး အဝေးကကန်သွင်းယူခဲ့တဲ့ ဂိုးရော၊ အော်လ်မို တစ်ချက်လိမ်ပြီး ကန်သွင်းခဲ့တဲ့ဂိုးပါ လှပတဲ့ဂိုးတွေဖြစ်ခဲ့ပြီး ပြင်သစ်ကစားသမားတွေအတွက် ဒီလိုအနေအထားတွေက ဂိုးတွေပေးခဲ့ရတာကြောင့် သိက္ခာကျအရှက်ရစရာဖြစ်ခဲ့ပါတယ်။

စပိန်အသင်းအနေနဲ့ ယူရိုဗိုလ်လုပွဲကို (၄)ကြိမ်မြောက်တက်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးချန်ပီယံဆုကို ပြန်လည်ရယူနိုင်မလားဆိုတာ ဇူလိုင်(၁၄)ရက်နေ့ကစားမယ့် ဗိုလ်လုပွဲမှာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *