ဂျာမနီအလံအရောင်အသွေးနဲ့ ယူရိုဆီမီးဖိုင်နယ်/ ဖိုင်နယ်တွေမှာ အသုံးပြုမယ့် ဘောလုံး

0

ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်(၂)ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ အသုံးပြုမယ့် ဘောလုံးဒီဇိုင်းကို ဒီဘောလုံးတွေ အစဥ်အဆက် ထုတ်လုပ်နေတဲ့ Adidas ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထူးခြားတာတစ်ခုက ဒီဘောလုံးရဲ့ဒီဇိုင်းဟာ ဂျာမနီနိုင်ငံအလံ အရောင်အသွေးအတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။

ဂျာမနီနိုင်ငံအခြေစိုက် အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Adidas အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ဂျာမနီလက်ရွေးစင်အသင်း တက်ရောက်မယ်လို့ ယုံကြည်ပြီး အပိုင်တွက်ချက်ကာ ဒီလို ဒီဇိုင်းပြုလုပ်ခဲ့တာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဘောလုံးရဲ့ဒီဇိုင်းဖွဲ့စည်းပုံက အရင်ဘောလုံးတွေနဲ့များစွာမကွဲပြားပေမယ့် အနက်၊ အနီ၊ လိမ္မော်ရောင်တွေသာ ရောစပ်ထားတာကြောင့် အိမ်ရှင်ဂျာမနီနိုင်ငံ အလံအရောင်အသွေးလိုဖြစ်နေတာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ရှေ့အဆင့်တွေမှာ အသုံးပြုခဲ့တဲ့ ဘောလုံးဒီဇိုင်းမှာ အစိမ်းရောင်၊ အပြာရောင်တွေပါဝင်တာကြောင့် ဘောလုံးဒီဇိုင်းက ရောင်စုံလိုဖြစ်ခဲ့ပေမယ့် အခုထုတ်ပြန်တဲ့ ဆီမီးဖိုင်နယ်/ဖိုင်နယ် ဘောလုံးမှာတော့ အရောင်တွေကို များစွာလျှော့ချထားပါတယ်။

ဘောလုံးရဲ့မျက်နှာပြင်က အရင်လိုအဖြူရောင်အစား ငွေရောင်မျက်နှာပြင် ဖြစ်သွားမှာဖြစ်ပါတယ်။ ‘FUSSBALLLIEBE FINALE’ လို့အမည်ပေးထားတဲ့ ဒီဘောလုံးမှာ အာရုံခံချစ်ပ်ပြားလေးတွေ ထည့်သွင်းထားပြီး ကစားသမားတွေရဲ့ဘောလုံးကန်ချက်အားပြင်းမှု၊ ဘောလုံးအရှိန်နှုန်း၊ ဘောလုံးလည်ပတ်ရွေ့လျားမှုအစရှိတာတွေကို အချိန်နဲ့တပြေးညီ အချက်အလက်တွေ ပေးပို့သွားမှာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ စပိန်နဲ့ ပြင်သစ်၊ အဂ်လန်နဲ့ နယ်သာလန်တို့ ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အိမ်ရှင်ဂျာမနီက ကွာတားဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *