ဇူလိုင်လ ၁၁ ရက်နေ့ရဲ့ အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်

နယ်သာလန် – အင်္ဂလန်
(11 July 2024 / 1:30 am)

နယ်သာလန်က အုပ်စုအဆင့်မှာတုန်းက သြစတြီးယား၊ ပြင်သစ်တို့နောက် အကောင်းဆုံးတတိယနေရာရအသင်းအဖြစ် နောက်တစ်ဆင့်ကို တက်လာတဲ့အသင်းဖြစ်တယ်။ Round of 16 မှာ ရိုမေးနီးယားကို (၃-ဝ)နဲ့နိုင်တယ်။ ကွာတားဖိုင်နယ်မှာ တူရကီကို (၂-၁)နဲ့နိုင်တယ်။ နယ်သာလန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာပေမယ့် ပြင်သစ်၊ အင်္ဂလန်အစရှိတဲ့အသင်းတွေလိုပဲ သူတို့မှာလည်း အားမရစရာအချက်တွေရှိနေတယ်။

တူရကီကို အနိုင်ရခဲ့ပေမယ့် ပွဲချိန်(၃၅)မိနစ်မှာပေးခဲ့ရတဲ့ဂိုးကို မိနစ်(၇၀)မှ ပြန်ချေနိုင်ခဲ့ပြီး ဂတ်ပိုရဲ့ညှစ်အားကြောင့် တူရကီအသင်း Own Goal သွင်းမိတာကနေ အနိုင်ဂိုးရခဲ့တာဖြစ်တယ်။ တူရကီကို သိသိသာသာအသာမရခဲ့ဘူး။ တူရကီရဲ့ခြိမ်းခြောက်မှုတွေကိုတောင် အကြိမ်ကြိမ်ခံခဲ့ရတယ်။

ဒီအသင်းမှာ ဂတ်ပိုက သွင်းဂိုးတွေ၊ ဂိုးအခွင့်အလမ်းဖန်တီးမှုတွေနဲ့ အသင်းကိုကောင်းကောင်းအကျိုးပြုနေတယ်။ ဒီပိုင်းကတော့ ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးနေတုန်းပဲ။ ဇာဗီဆိုင်မွန်တော့ လက်ခံနိုင်စရာကောင်းတဲ့ ခြေစွမ်းကို ပြနေတယ်။

နယ်သာလန်နောက်တန်းက အရပ်အမောင်းမြင့်မားတဲ့နောက်ခံလူတွေရှိနေပါလျက်နဲ့ အမြင့်ဘောတွေကို ကာကွယ်ရာမှာ အားနည်းတယ်။ ညာနောက်ခံနေရာက ဒမ်ဖရိုင်းစ်က တိုက်စစ်ကိုကျွံလွန်းအားကြီးတာကလည်း နယ်သာလန်အတွက် ပြဿနာတစ်ခုဖြစ်နိုင်တယ်။ အသင်းက 4-2-3-1 ပုံစံချထားပေမယ့် တကယ်ကစားတဲ့အခါ 3 back လို ဖြစ်သွားပြီး 3-2-4-1 လို ဖြစ်နေတယ်။ နယ်သာလန်ရဲ့ညာနောက်ခံမှာ မကြာခဏလွတ်နေတတ်တဲ့ Space ကို တူရကီအသင်းက အခွင့်ကောင်းယူပြီး ဘယ်တောင်ပံတိုက်စစ်တွေနဲ့ ထိုးစစ်ဆင်ခဲ့တာကိုလည်း တွေ့ရတယ်။

အင်္ဂလန်က အုပ်စုမှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပေမယ့် ဆားဘီးယားတစ်သင်းတည်းကိုပဲနိုင်ပြီး ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့ကို သရေကျခဲ့တယ်။ Round of 16 မှာ ဆလိုဗက်ကီးယားကို အချိန်ပိုအနိုင်ဂိုး၊ ကွာတားမှာ ဆွစ်ဇာလန်ကို ပယ်နယ်တီတွေနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်လာတာဖြစ်တယ်။

အင်္ဂလန်က ရှေ့ပွဲတွေမှာ 4-2-3-1 ကစားကွက်ကို ရိုးရိုးကြီး သုံးစွဲနေတာကြောင့် နည်းပြဆောက်ဂိတ်ကို ဝေဖန်မှုတွေများခဲ့တယ်။ ကစားသမားတချို့ခြေပျောက်ကုန်တာတောင် ဆောက်ဂိတ်ရဲ့နည်းဗျူဟာတွေနဲ့ အံမဝင်လို့ဆိုပြီး နည်းပြကို ပြစ်တင်ကြတယ်။

ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာတော့ ဆောက်ဂိတ်က 3-4-2-1 ပုံစံခင်းကျင်းသွားတာကို တွေ့ရတယ်။ နောက်တန်း(၃)ယောက်(သို့) (၅)ယောက်ထားကစားတာ ဆောက်ဂိတ်အတွက် အစိမ်းမဟုတ်ပါဘူး။ အင်္ဂလန်အသင်းအတွက် ကိုင်တွယ်ခဲ့တဲ့ ပွဲ(၁၀၀)မှာ (၃)ပုံ(၁)ပုံလောက်(၃၃ပွဲ)ကို ဒီလိုခင်းကျင်းကစားခဲ့ဖူးပါတယ်။ ဒါကြောင့် 3 Backs ကို အခြေခံပြီး 3-4-3 ၊ 3-5-2 ၊ 3-2-4-1 အစရှိသဖြင့် flexible ဖြစ်တဲ့ အခင်းအကျင်းနဲ့ အင်္ဂလန်က ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ရတယ်။

နယ်သာလန်နဲ့ အင်္ဂလန် နှစ်သင်းစလုံး ရှိသင့်တဲ့ ပုံမှန်ခြေစွမ်းကို မရသေးတာ အမှန်ပါပဲ။ နယ်သာလန်ထက်စာရင် အင်္ဂလန်က ဒီထက်မက အများကြီးကောင်းတဲ့ အရည်အသွေးကို မျှော်လင့်လို့ရတယ်။ တစ်ဦးချင်းခြေစွမ်း ပုံမှန်အောက်ကိုရောက်နေကြတဲ့ ဘယ်လင်ဂမ်၊ ကိန်း၊ ဖိုဒန်တို့ ခြေစွမ်းပြန်ပြပြီး တစ်ဦးနဲ့တစ်ဦးအတွဲအဖက်မိလာရင် အင်္ဂလန်ကို ကြောက်စရာကောင်းတဲ့အသင်းအဖြစ် ပြန်မြင်ရမယ်။

ဆောက်ဂိတ် ကစားကွက်အပြောင်းအလဲလုပ်တာ ဒုတိယမြောက်ပွဲမှာ ကစားသမားအချင်းချင်းကြား ပိုမိုနားလည်မှုနဲ့ အတူ အင်္ဂလန် ခြေတွေ့လာမယ်လို့ ယုံကြည်မိတယ်။ ဒါကြောင့် ဒီပွဲ အင်္ဂလန်ကိုပဲ အရဲစွန့်ပြီး ရွေးကြည့်ချင်တယ်။ မနေ့က ပွဲလိုပဲ နှစ်သင်းပေါင်း (၃)ဂိုးမကျော်တဲ့ရလဒ်တစ်ခုခုကို တွေ့ရမယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *