ဆီီမးဖိုင်နယ်မှာ ဥရုဂွေးကို အနိုင်ယူပြီး ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ တွေ့မယ့် ကိုလံဘီယာ

0

ဥရုဂွေး(ဝ-၁)ကိုလံဘီယာ

(၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်)

ဒီမနက်ကစားခဲ့တဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ တတိယရေပန်းအစားဆုံး ဥရုဂွေးအသင်းကို ကိုလံဘီယာအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

နောက်ဆုံး(၂)နှစ်ခွဲကျော်ကာလအတွင်း ရှုံးပွဲမရှိတဲ့ ကိုလံဘီယာအသင်းအနေနဲ့ ဥရုဂွေးကို ဘောလုံးပေးကိုင်ကစားပြီး တန်ပြန်တိုက်စစ်တွေကနေ အကြိမ်ကြိမ်ဒုက္ခပေးခဲ့ပါတယ်။

ကိုလံဘီယာရဲ့ကျစ်လစ်တဲ့ခံစစ်ကို ဥရုဂွေးက ထိုးဖောက်ဖို့ ခက်ခဲခဲ့ပြီး ကိုလံဘီယာအသင်းဘက်က ဒီယက်ဇ်၊ လာမာ၊ အူရီဘီအစရှိတဲ့ကစားသမားတွေရဲ့ထိုးဖောက်မှုတွေကတောင် ပိုပြီး ထိရောက်ခဲ့ပါတယ်။ ကိုလံဘီယာနောက်တန်းက ဆန်းချက်ဇ်က အကောင်းဆုံးခြေစွမ်းပြပြီး ဥရုဂွေးတိုက်စစ်ကစားသမားတွေကို ထိန်းချုပ်ကစားခဲ့ပါတယ်။

ဒါကြောင့် ပထမပိုင်းပွဲချိန်(၃၉)မိနစ်မှာ လာမာ သွင်းယူခဲ့တဲ့ဂိုးကို ဥရုဂွေးက ပြန်မချေပနိုင်ဘဲ (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။ ကိုလံဘီယာဘက်က နောက်ခံလူမူနော့ဇ် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ ကစားခဲ့ရတာတောင် ဥရုဂွေးအသင်းက ချေပဂိုးပြန်မသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ဥရုဂွေးအတွက် လူစားဝင်လာတဲ့ ဝါရင့်တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ် ပွဲချိန်(၇၃)မိနစ်မှာ ကန်သွင်းတဲ့ ဘောလုံးတိုင်ထိထွက်ခဲ့တာလည်း ဥရုဂွေးအသင်းအတွက် နစ်နာခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဥရုဂွေးအသင်းအတွက် ခြေစွမ်းပြကစားပြီး အုပ်စုပွဲတွေတုန်းက ဂိုးတွေသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးနူနက်ဇ်က ဇာတိရုပ်ပြန်ပေါ်လာပြီး ဂိုးရနိုင်တဲ့အခွင့်အရေး (၄)ကြိမ်လောက်ကို ဖြုန်းတီးခဲ့ပါတယ်။

ဒီပွဲအနိုင်ရခဲ့တဲ့ ကိုလံဘီယာအသင်းအနေနဲ့ ကိုပါအမေရိကဗိုလ်လုပွဲကို (၂၀၀၁)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာအသင်းဟာ ကိုပါအမေရိကဗိုလ်လုပွဲကို(၂)ကြိမ်သာရောက်ဖူးပြီး ၁၉၇၅ ခုနှစ်က ဒုတိယနေရာသာရခဲ့ပေမယ့် ၂၀၀၁ ခုနှစ်ပြိုင်ပွဲမှာတော့ မက္ကဆီကို အသင်းကို အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *