အင်္ဂလန်ကို အနိုင်ယူပြီး (၄)ကြိမ်မြောက်ချန်ပီယံဆုကို စပိန်အသင်း ထိုက်ထိုက်တန်တန်ရယူခဲ့တဲ့ ယူရို-၂၀၂၄

0

စပိန်(၂-၁)အင်္ဂလန်
(ယူရို-၂၀၂၄ ဗိုလ်လုပွဲ)

ဂျာမန်မြေမှာ စပိန်က ဂျာမနီအသင်းကိုကျော်ပြီး ဥရောပရဲ့အအောင်မြင်ဆုံးအသင်းအဖြစ် ယူရိုပြိုင်ပွဲမှာ မှတ်တမ်းသစ်ရေးထိုးလိုက်ပါပြီ။

ဒီပြိုင်ပွဲမတိုင်မီက ဂျာမနီအသင်းက ချန်ပီယံ(၃)ကြိမ်၊ ဒုတိယ(၃)ကြိမ်နဲ့ ယူရိုပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာ ဦးဆောင်ခဲ့ပြီး အခုတော့ စပိန်က ချန်ပီယံ(၄)ကြိမ်၊ ဒုတိယ(၁)ကြိမ်နဲ့ ဂျာမနီအသင်းအထက်ကို ရောက်လာခဲ့တာပါ။
ဒီဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဗိုလ်စွဲခဲ့မယ်ဆိုရင် အင်္ဂလန်ပရိသတ်တွေအပြင် တစ်ကမ္ဘာလုံးက ပရီးမီးယားလိဂ်ပရိသတ်တွေပါ သူတို့ရဲ့ဖလားမိုးခေါင်မှုအဆုံးသတ်ခြင်းအတွက် ပျော်မြူးရမှာမှန်ပေမယ့် စပိန်အသင်းအနိုင်ရခြင်းကသာ တရားမျှတတဲ့အဖြေလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီပွဲမှာ အင်္ဂလန်အသင်းက အခွင့်အလမ်းကောင်းတစ်ချို့ကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် တစ်ပွဲလုံးခြုံကြည့်ရင် စပိန်အသင်းက ပြသခဲ့တဲ့ခြေစွမ်း၊ ပွဲအပေါ်လွှမ်းမိုးမှု၊ နည်းစနစ်/နည်းဗျူဟာပိုင်းဆိုင်ရာ အားသာချက်တွေနဲ့အတူ ထိုက်ထိုက်တန်တန်ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ယာမားလ်ရဲ့ ပေးပို့မှုကတဆင့် နီကိုးလ်သွင်းယူခဲ့တဲ့ စပိန်အသင်း ဦးဆောင်ဂိုး (၄၇ မိနစ်)



အထူးသဖြင့် အင်္ဂလန်အသင်းရှေ့တန်းက ကိန်း၊ ဆာကာ၊ ဖိုဒန်တို့ လုံးဝပျောက်ထွက်သွားအောင် စပိန်နောက်တန်းကစားသမားတွေက စနစ်တကျပိတ်ဆို့ကစားနိုင်ခဲ့ပြီး ဘယ်လင်ဂမ်ကိုလည်း ဂိုးကန်သွင်းခွင့်မရအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်လူငယ်ကစားသမား ကိုးလ်ပါးမား ဂိုးဧရိယာထိပ်(၂၁ မီတာ) အကွာကနေ ကန်သွင်းယူခဲ့တဲ့ အင်္ဂလန်အသင်းချေပဂိုး (၇၃ မိနစ်)


စပိန်အသင်းအနေနဲ့ သူတို့ရဲ့ရိုးရာအစဉ်မလာမပျက် Possession Football နဲ့ပဲ ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး ပထမပိုင်းမှာတင် ဘောလုံးပိုင်ဆိုင်မှုက (၂)ဆလောက်ကွာခြားခဲ့ပါတယ်။ အင်္ဂလန်တောင်ပံတိုက်စစ်တွေကို စပိန်နောက်တန်းက ထိန်းချုပ်နိုင်ခဲ့သလို ပထမပိုင်းမှာ ယာမားလ်၊ ဝီလီယံစ်တို့ရဲ့ထိုးဖောက်မှုတွေကိုလည်း လုခ်ရှော၊ ဝေါ်လ်ကာအစရှိတဲ့ Wing-Back တွေနဲ့ နောက်ခံလူတွေက ပိတ်ဆို့နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ပြီး (၂)မိနစ်အကြာမှာပဲ ညာတောင်ပံက ထိုးဖောက်လာတဲ့ ယာမားလ် အကွက်မြင်မြင်ပေးပို့ခဲ့တဲ့ ဘောလုံးကို ဝီလီယံစ်က အင်္ဂလန်ဂိုးပေါက်ထဲ ထောင့်ဖြတ်ကန်သွင်းယူခဲ့ပါတယ်။

စပိန်အသင်းကစားသမား အိုယာဇာဘယ်လ်သွင်းယူခဲ့တဲ့ စပိန်အသင်း အနိုင်ဂိုး (၈၆မိနစ်)



ဒုတိယပိုင်းမှာ အင်္ဂလန်အခွင့်အရေးတချို့ပြန်ရခဲ့ပြီး လူစားဝင်ကစားသမား ကိုးလ်ပါမားက ပွဲချိန်(၇၃) မိနစ်မှာ ဘယ်လင်ဂမ် ခင်းပေးခဲ့တဲ့ဘောလုံးကို (၂၁)မီတာအကွာကနေ အပြင်းကန်သွင်းယူခဲ့ပါတယ်။ အင်္ဂလန်အသင်းက လူစားဝင်ကစားသမားဂိုးသွင်းခဲ့သလိုပဲ စပိန်အသင်းဘက်ကလည်း အသင်းခေါင်းဆောင် မိုရာတာနေရာမှာ အစားဝင်လာတဲ့ အိုယာဇာဘယ်လ်က ပွဲချိန်(၈၆)မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့ပါတယ်။

ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအတွက် ဟာရီကိန်းနဲ့အပြိုင်ဖြစ်နေတဲ့ စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုက ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးလိုမျိုးအဖိုးတန်တဲ့ ကာကွယ်မှုတစ်ခုကို ဂိုးစည်းပေါ်ကနေ ခေါင်းတိုက်ပြီး ကာကွယ်ဖျက်ထုတ်ပေးနိုင်ခဲ့ပါတယ်။

စပိန်အသင်းအနေနဲ့ ယူရို-၂၀၁၂ ပြိုင်ပွဲနောက်ပိုင်း ချန်ပီယံဆုကို ပြန်ရယူနိုင်တာဖြစ်ပြီး အင်္ဂလန်အသင်းကတော့ (၂)ကြိမ်ဆက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ယူရို-၂၀၂၄ ပြိုင်ပွဲ အနှစ်ချုပ်
—————————

ချန်ပီယံ – စပိန်
ဒုတိယ – အင်္ဂလန်
အကောင်းဆုံးကစားသမား – ရိုဒရီ(စပိန်)
အကောင်းဆုံးလူငယ်ကစားသမား – လာမင်းယာမားလ်(စပိန်)
ဂိုးအများဆုံးသွင်းသူများ – အော်လ်မို(စပိန်)၊ ဟာရီကိန်း(အင်္ဂလန်)၊ ဂတ်ပို(နယ်သာလန်)၊ ရှရန်းဇ်(ဆလိုဗက်ကီးယား)၊ မီကူတာဇီ(ဂျော်ဂျီယာ)၊ မူဆီယာလာ(ဂျာမနီ) (၃ ဂိုးစီ)

ကစားခဲ့သောပွဲ – (၅၁)ပွဲ
သွင်းယူခဲ့သောဂိုး – (၁၁၇)ဂိုး
တစ်ပွဲပျမ်းမျှသွင်းဂိုး – (၂.၂၉)ဂိုး
ပွဲကြည့်သူစုစုပေါင်း – (၂၆၈၁၂၈၈)ဦး
တစ်ပွဲပျမ်းမျှ – (၅၂၅၇၄)ဦး

Leave a Reply

Your email address will not be published. Required fields are marked *