ယူရိုပြိုင်ပွဲသမိုင်းမှာ “S” နဲ့စတဲ့အသင်း(၅)သင်းအထိ ရင်ဆိုင်တွေ့တဲ့ ပထမဆုံးအသင်း အင်္ဂလန်

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ထူးထူးခြားခြား “S” နဲ့ စတဲ့အသင်းများစွာနဲ့ ဆုံတွေ့ရင်ဆိုင်ကစားခဲ့ရပြီး ဒီပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုအတွင်း “S” နဲ့ စတဲ့အသင်း(၅)သင်းနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်မှာ ဆားဘီးယား(Serbia) ၊ ဆလိုဗေးနီးယား (Slovenia)၊ ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဆလိုဗက်ကီးယား(Slovakia)၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန် (Switzerland)တို့နဲ့ ဆုံတွေ့ခဲ့ပြီး အခု ဇူလိုင်(၁၄)ရက်မှာကစားမယ့် ဗိုလ်လုပွဲမှာ စပိန်(Spain)နဲ့ ရင်ဆိုင်ရမှာပါ။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရင်ဆိုင်ရတဲ့ အသင်းတွေထဲမှာ “S” နဲ့ စတဲ့အသင်းမဟုတ်တာ ဒိန်းမတ်နဲ့ နယ်သာလန်တို့သာ ရှိခဲ့ပါတယ်။

ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ထူးခြားတာနောက်တစ်ခုကတော့ ဗိုလ်လုပွဲကို တက်ရောက်လာရာမှာ ရှုံးထွက်အဆင့်ပွဲတွေအားလုံး မိနစ်(၉၀)မတိုင်ခင် ပြိုင်ဘက်အသင်းတွေကို အနိုင်မရဘဲ မိနစ်(၉၀)နဲ့နောက်ပိုင်းမှ အနိုင်ဂိုးတွေသွင်းပြီး တစ်ဆင့်ချင်းတက်လာတာပါ။

Round of 16 အဖြစ် ဆလိုဗက်ကီးယားနဲ့ ကစားခဲ့တဲ့ပွဲမှာ ဘယ်လင်ဂမ်က ထပ်ဆောင်းအချိန်ပို (၉၀+၅)မိနစ်မှာ ချေပဂိုးသွင်းပြီး၊ ဟာရီကိန်းက အချိန်ပိုပထမပိုင်းစစချင်း (၁)မိနစ်(ပွဲချိန် ၉၁ မိနစ်)မှာ အနိုင်ဂိုးသွင်းခဲ့တာပါ။

ကွာတားဖိုင်နယ်အဖြစ် ဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲချိန်(၁၂၀)မိနစ်ပြည့်တဲ့အထိ (၁-၁)ဂိုးနဲ့ သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ကန်ပြီးမှ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းဘက်ကို သွင်းခဲ့တဲ့အနိုင်ဂိုးကလည်း ပွဲပြီးခါနီး ပွဲချိန်(၉၀)မိနစ်မှ လူစားဝင်ကစားသမားအိုလီဝက်ကင်စ်က သွင်းယူခဲ့တာပါ။

ဒါကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဗိုလ်လုပွဲတက်တာကို ကံတရားဖေးမမှုများစွာပါဝင်နေတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

ဒီပြိုင်ပွဲမှာ (၅)သင်းမြောက်အဖြစ်ဆုံတွေ့ရမယ့် “S”နဲ့ စတဲ့အသင်း စပိန်ကိုရော အင်္ဂလန်အသင်းကျော်ဖြတ်နိုင်မလား .. အသင်းသမိုင်းတစ်လျှောက် ယူရိုချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ကိုင်မြှောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *