ဥရောပ ယူ-၂၁ ကမ္ဘာ့ဖလားဗိုလ်လုပွဲက ကိုးလ်ပါးမားနဲ့ ရန်ကြွေးကို ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်တို့ လက်စားချေနိုင်မလား

0

လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ တောင်ပံကစားသမားကိုးလ်ပါမားက ကျန်အင်္ဂလန်ကစားသမားတွေနဲ့စာရင် စပိန်မီဒီယာတွေ၊ စပိန်ပရိသတ်တွေရဲ့မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသူပါ။

အကြောင်းကတော့ မနှစ်က ကျင်းပခဲ့တဲ့ ၂၀၂၃ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတစ်ခုကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းနဲ့ စပိန် ယူ-၂၁ အသင်းတို့ တွေ့ဆုံခဲ့ကြပြီး ဒီပွဲမှာ ကိုးလ်ပါမားနဲ့ စပိန်အသင်းအကြား ကြီးမားတဲ့ပြဿနာတစ်ခုရှိခဲ့တာပါ။

ဥရောပယူ-၂၁ ဗိုလ်လုပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းက စပိန် ယူ-၂၁ အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကိုးလ်ပါမားရဲ့ပြစ်ဒဏ်ဘောကန်သွင်းချက်ဟာ အင်္ဂလန်ကွင်းလယ်လူ ကာတစ်ဂျုံးစ်နဲ့ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
ကိုးလ်ပါမားဟာ ဂိုးဝင်အပြီးမှာ စပိန်အရန်ခုံတန်းဘက်ကို စိုက်ကြည့်ပြီး ပမာမခန့် အောင်ပွဲခံခဲ့တာကြောင့် စပိန်ကစားသမားတွေဟာ ကိုးလ်ပါမားဆီကို ပြေးလာခဲ့ပြီး နှစ်ဖက်ကစားသမားတွေ အချင်းများခဲ့ကြပါတယ်။

အင်္ဂလန်အသင်းနည်းပြအဖွဲ့ဝင် အက်ရှ်လေကိုးလ်နဲ့ စပိန်အသင်းကြံ့ခိုင်ရေးနည်းပြ ရီဗီရာတို့လည်း ကွင်းဘေးစည်းမှာ အချင်းများခဲ့တာကြောင့် (၂)ဦးစလုံး အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ကိုးလ်ပါမားရဲ့အောင်ပွဲခံမှုကို ဗိုလ်လုပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ မန်စီးတီးအသင်းဖော်ဟောင်း ဆာဂျီယိုဂိုးမက်ဇ်ကတောင် စိတ်ပျက်ကြောင်း ပြောခဲ့ပါတယ်။ ကိုးလ်ပါမားက သူ့ရဲ့အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး ပြန်တောင်းပန်ခြင်းမရှိဘဲ ဂိုးသွင်းအပြီး ပျော်ရွှင်လို့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲဝင် စပိန်အသင်းလူစာရင်းမှာ အဲဒီတုန်းက စပိန် ယူ-၂၁ အသင်းရဲ့ကစားသမားအဲလက်စ်ဘေနာတစ်ဦးတည်းသာ ပါဝင်ပေမယ့် ကိုးလ်ပါမား စတင်မီးမွှေးခဲ့တဲ့ ရန်ပွဲအဖြစ်အပျက်ကို မမေ့သေးဘဲ သူပါဝင်တဲ့ အင်္ဂလန်အသင်းကို လက်စားချေဖို့ စပိန်ရေဒီယို Cadena Cope က စပိန်ကစားသမားတွေကို တောင်းဆိုခဲ့ပါတယ်။

ကိုးလ်ပါမားဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရသေးပေမယ့် လူစားဝင်ကစားပြီး ခြေစွမ်းပြနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *