မန်စီးတီးအသင်းထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေတဲ့ ဥရောပ ကလပ်အသင်း အဆင့်သတ်မှတ်ချက်

0

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က နောက်ဆုံးထုတ်ပြန်ထားတဲ့ ကလပ်အသင်းအဆင့်သတ်မှတ်ချက်(UEFA Club Ranking)မှာ မန်စီးတီးအသင်းက စုစုပေါင်းရမှတ်(၁၂၃)မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပါတယ်။

လိဂ်အသင်းတွေရဲ့ UEFA Coefficient အတိုင်း နောက်ဆုံး(၅)ရာသီ ရမှတ်တွေကို စုပေါင်းတွက်ချက်ကာ ကလပ်အသင်းအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

UEFA က ၂၀၂၄-၂၅ ရာသီသစ်မစတင်မီ ကလပ်အသင်းအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇယားထိပ်ဆုံးက မန်စီးတီးအသင်းရဲ့နေရာအပြောင်းအလဲမဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒုတိယနေရာကနေ တတိယနေရာကို ဆင်းပေးလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီရမှတ်မှာ ဘိုင်ယန်မြူးနစ်အသင်းထက် (၆)မှတ်ပိုများခဲ့လို့ (နောက်ဆုံး ၅ ရာသီပေါင်း) စုစုပေါင်းရမှတ်မှာ (၁၁၉)မှတ်နဲ့ ဒုတိယနေရာကို တစ်ဆင့်တက်လာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ရာသီက ရမှတ်(၂၈)မှတ်သာရခဲ့တာကြောင့် စုစုပေါင်းရမှတ်မှာ (၁၀၈)မှတ်သာရပြီး ဒုတိယနေရာကနေ တတိယနေရာကို ဆင်းပေးလိုက်ရတာပါ။ အဆင့်(၄)မှာ လီဗာပူးလ်၊ အဆင့်(၅)မှာ ရိုးမားတို့ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးကလပ် မန်ယူနိုက်တက်အသင်းက အဆင့်(၁၄)နေရာကို ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ချန်ပီယံဆုနဲ့လွဲခဲ့တဲ့ လေဗာကူဆင်အသင်းက အဆင့်(၁၁)နေရာမှာ ရပ်တည်နေပြီး စပိန်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းက အဆင့်(၁၈)နေရာ၊ အာဆင်နယ်အသင်းက အဆင့်(၁၉)နေရာအထိ ရောက်နေတာကိုလည်း တွေ့ရပါတယ်။ ဥရောပအောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းတို့လည်း အဆင့်(၂၂)(၂၃)နေရာတွေမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

ဥရောပ အဆင့်သတ်မှတ်ချက်

အမြင့်ဆုံး ကလပ်အသင်းများ

■ မန်စီးတီး – (၁၂၃)မှတ်
■ ရီးရဲလ်မက်ဒရစ် – (၁၁၉)မှတ်
■ ဘိုင်ယန်မြူးနစ် – (၁၀၈)မှတ်
■ လီဗာပူးလ် – (၉၆)မှတ်
■ ရိုးမား – (၉၀)မှတ်
■ ပီအက်စ်ဂျီ – (၈၅)မှတ်
■ ဗီလာရီးရဲလ် – (၈၂)မှတ်
■ ဒေါ့မန် – (၇၉)မှတ်
■ ချယ်လ်ဆီး – (၇၉)မှတ်
■ အင်တာမီလန် – (၇၆)မှတ်

Leave a Reply

Your email address will not be published. Required fields are marked *