အယ်လ်ဂါဇီနဲ့ မိန့်ဇ်အသင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တိုက်ပွဲ

0

ဒတ်ချ်တောင်ပံတိုက်စစ်ကစားသမား အယ်လ်ဂါဇီကို ၂၀၂၃ အောက်တိုဘာလအတွင်းက အသင်းကနေ ထုတ်ပယ်ခဲ့ခြင်းအတွက် သူ့ရဲ့အသင်းဟောင်း မိန့်ဇ်အသင်းအနေနဲ့ အပြစ်ရှိကြောင်း ဂျာမန်တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပြီး ပြီးခဲ့တဲ့ (၉)လအတွင်း ပေးချေရမယ့် လစာငွေတွေကို ပုံမှန်အတိုင်းပေးချေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမှုမှာ အယ်လ်ဂါဇီ အနိုင်ရသွားတာက အယ်လ်ဂါဇီတစ်ယောက်တည်း မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ အခြေခံလူ့အခွင့်အရေးတွေထဲက တစ်ခုဖြစ်တဲ့ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ကို မည်သူမဆို အပြည့်အဝပိုင်ဆိုင်ခွင့်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression)ကို ထိန်းချုပ်ဖိနှိပ်ဖို့ ကြံစည်တဲ့မည်သူမဆို အခုလို ပြစ်ဒဏ်ချခံရမယ်လို့လည်း တရားရုံးက သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

အယ်လ်ဂါဇီနဲ့ မိန့်ဇ်အသင်းပြဿနာက ၂၀၂၃ အစ္စရေးလ်-ပါလက်စတိုင်း စစ်ပွဲအပေါ် အယ်လ်ဂါဇီထုတ်ဖော်ခဲ့တဲ့ ခံစားချက်နဲ့ သက်ဆိုင်ပါတယ်။ အယ်လ်ဂါဇီက သူ့ရဲ့Instagram မှာ “From the river to the sea, Palestine will be free.”ဆိုတဲ့စာသားပါဝင်တဲ့ ပုံတစ်ခုကိုတင်ခဲ့ပြီး အောက်မှာ ”ပါလက်စတိုင်းမှာ ဖြစ်စေ။ တခြားဘယ်နေရာမှာဖြစ်စေ၊ မည်သူမဆို ဘဝနေထိုင်မှုလုံခြုံဖို့၊ မိမိတို့ရဲ့နေအိမ်တွေမှာ ငြိမ်းချမ်းစွာနေထိုင်ဖို့၊ အန္တရာယ်ကင်းစွာကြီးပြင်းဖို့ ထိုက်တန်ပါတယ်”လို့ ရေးခဲ့ပါတယ်။

ဒါကို မိန့်ဇ်အသင်းတာဝန်ရှိသူတွေက သူ့ကို မကျေမနပ်ဖြစ်ပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ကြတာပါ။ ၂၀၂၃ အောက်တိုဘာလ (၂၇)ရက်နေ့မှာ အယ်လ်ဂါဇီကို မိန့်ဇ်အသင်းက လမ်းခွဲကြောင်းနဲ့ စာချုပ်ကို အဆုံးသတ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

အယ်လ်ဂါဇီက မိမိအနေနဲ့ လူသားတွေရဲ့အခြေခံရပိုင်ခွင့် ရရှိကြဖို့ကိုသာ ရေးသားခဲ့တာဖြစ်ပြီး ဒီလို တုံ့ပြန်ခံရတဲ့အတွက် အလွန်အံအားသင့်ရကြောင်း ၊ မိမိဘက်က မှားယွင်းခဲ့တာမရှိတဲ့အတွက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောကြားပြီး တရားရုံးကနေတစ်ဆင့်အရေးဆိုခဲ့တာပါ။

အခုတော့ ဂျာမန်တရားရုံးက အယ်လ်ဂါဇီကို အနိုင်ပေးခဲ့ပြီး မိန့်ဇ်အသင်းအနေနဲ့ မိမိရဲ့ကစားသမားတစ်ဦးကို တရားမမျှတစွာအသင်းက ထုတ်ပယ်ခဲ့တာဖြစ်ကြောင်း၊ ကစားသမားရဲ့လစာငွေတွေကို ပြန်ပေးရမှာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *