အီယန်မတ်ဆန်အတွက် အနိမ့်အမြင့် အတက်အကျနဲ့ အပြောင်းအလဲများတဲ့ နွေရာသီ

0

ဒေါ့မွန်အသင်းရဲ့ဒတ်ချ်နောက်ခံလူအီယန်မတ်ဆန်အတွက် အခုနွေရာသီက အပြောင်းအလဲများတဲ့နွေရာသီလို့ ဆိုရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ချယ်လ်ဆီးအသင်းကနေ ဒေါ့မွန်အသင်းကို ရာသီဝက် အငှားစာချုပ်နဲ့ လာကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ မတ်ဆန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်း ပဏာမလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဒေါ့မွန်အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားခင် (၃)ရက်အလိုမှာ နယ်သာလန်အသင်းလူစာရင်းဖြတ်တော့ သူက ချန်လှပ်ခံခဲ့ရပါတယ်။

ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲနွှဲခွင့်ရရှိခြင်း၊ ပရီးမီးယားလိဂ်ကလပ်ဗီလာအသင်းရဲ့ခေါ်ယူခြင်းတွေခံခဲ့ရတဲ့ မတ်ဆန်အနေနဲ့ နယ်သာလန်အသင်းက ချန်လှပ်ခံရခြင်းကို မေ့ဖျောက်နိုင်ခဲ့ပါတယ်။

ဗီလာအသင်းက သူ့ကို ပြောင်းရွှေ့ကြေးပေါင်(၃၇.၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၆)နှစ်စာချုပ်ခဲ့တာကြောင့် အရင်ကလပ်ချယ်လ်ဆီးအသင်းမှာ အကြိမ်ကြိမ်အငှားချခံခဲ့ရတာထက်စာရင် သူ့ရဲ့အနာဂတ်လမ်းက ဖြောင့်ဖြူးသာယာနေပြီလို့ ဆိုရမှာပါ။

ဒါကြောင့် ရာသီကုန်ဆုံးချိန် ဗီလာအသင်းနဲ့ အပြောင်းအရွှေ့စာချုပ်ကိစ္စတွေအပြီးမှာ မတ်ဆန်က သူ့ချစ်သူ အမ်မလီသွန်ဒါနဲ့အတူ ဂရိကျွန်းတွေမှာ အပန်းဖြေခရီးထွက်ခဲ့ပါတယ်။

သူ့ချစ်သူနဲ့အတူ Mykonos ကျွန်းကို ရောက်ရှိပြီး သိပ်မကြာခင်မှာ ဂျာမနီရောက် နယ်သာလန်အသင်းဆီက ဖုန်းခေါ်ဆိုမှုတစ်ခုရောက်ရှိလာပါတယ်။

နယ်သာလန်အသင်းနည်းပြရော်နယ်လ်ကိုးမန်းက ယူရို-၂၀၂၄ ပြိုင်ပွဲမစတင်ခင် အချိန်ကပ်ပြီး သူ့ကို ပြိုင်ပွဲဝင်အသင်းနဲ့ ပူးပေါင်းဖို့ ပြန်လည်ခေါ်ယူခဲ့တာပါ။ နယ်သာလန်ကွင်းလယ်ကစားသမားကုမိုင်နာ ဒဏ်ရာကြောင့် အသင်းကနုတ်ထွက်ချိန်မှာ ကွင်းလယ်တောင်ပံကစားသမားတစ်ဦးအဖြစ်ပါ ကစားနိုင်တဲ့ မတ်ဆန်ကို ကိုးမန်းက အစားထိုးခဲ့တာလည်းဖြစ်ပါတယ်။

Mykonos ကျွန်းမှာ ချစ်သူနဲ့ ကောင်းကောင်းအနားယူနေတဲ့ မတ်ဆန်လည်း နယ်သာလန်အသင်းရှိရာ ဂျာမနီကို ချက်ချင်းထပြေးရပါတယ်။ နယ်သာလန်မှာရှိတဲ့ သူ့ရဲ့ဖခင်က သူ့ရဲ့ဘောကန်ဖိနပ်တွေအပါအဝင် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီး နယ်သာလန်အသင်းရှိရာ ဂျာမနီနိုင်ငံကို (၆)နာရီကြာ ကားမောင်းပြီး လာပို့ရပါတယ်။

ချစ်သူနဲ့ အပန်းဖြေခရီးကို ဖျက်သိမ်းခဲ့ရ၊ ဖခင်က အပင်ပန်းခံပြီး ခရီးဝေးကို ပစ္စည်းတွေ ကားမောင်းပို့ခဲ့ရတာတွေ မတ်ဆန်အတွက် မတန်ဘူးလို့ ဆိုရမလိုပါပဲ။

ယူရို(၂၀၂၄)ပြိုင်ပွဲမှာ နယ်သာလန်အသင်း ဆီမီးဖိုင်နယ်အထိ တက်ရောက်ပြီး ပြိုင်ပွဲကသာထွက်ခွာသွားတယ်။ မတ်ဆန်က တစ်ပွဲမှ မကစားခဲ့ရသလို၊ ပွဲချိန်တစ်မိနစ်တောင် ကွင်းမြက်ခင်းပြင်ပေါ်ခြေမချခဲ့ရလို့ပါပဲ။

နယ်သာလန်အသင်းနည်းပြရော်နယ်လ်ကိုးမန်းက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ သူ့ကို အရန်ကစားသမားအဖြစ်ထားခဲ့ပေမယ့် တစ်ပွဲမှ လူစားမထိုးခဲ့ဘဲ ပွဲကြည့်ပရိသတ်တစ်ဦးလို အသင်းမှာ ထားခဲ့တာပါ။

ဒါကြောင့် ပြိုင်ပွဲပြီးဆုံးချိန်မှာ ရော်နယ်လ်ကိုးမန်းရဲ့ ရက်ရက်စက်စက် လျစ်လျူရှုခြင်းခံခဲ့ရတဲ့ မတ်ဆန်ကို ပရိသတ်တွေက သနားဂရုဏာသက်ခဲ့ကြပြီး မီဒီယာတချို့ကလည်း ဒီအကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ်။

ဗြိတိန်မီဒီယာ Daily Mail ကတော့ နောက်တစ်ခါ ရော်နယ်လ်ကိုးမန်း ဖုန်းဆက်ရင် မကိုင်နဲ့ ။ ဖုန်းပိတ်ထား (Turn off the phone next time!)ဆိုပြီး ခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *