(၃)ဂိုးအထက် သွင်းနိုင်သူမရှိရင် ပူးတွဲချီးမြှင့်ခံရမယ့် ယူရို-၂၀၂၄ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု

0

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းက ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုနဲ့ ချက်တိုက်စစ်မှူးပက်ထရစ်ရှစ်တို့ ပြိုင်ပွဲအပြီးမှာ သွင်းဂိုး(၅)ဂိုးစီနဲ့ တူညီခဲ့ပါတယ်။

ဂိုးဖန်တီးမှုမှာ ပက်ထရစ်ရှစ်က တစ်ကြိမ်မှ မရှိဘဲ စီရော်နယ်ဒိုက ဂိုးဖန်တီးမှုတစ်ကြိမ်ရှိခဲ့တာကြောင့် ပြိုင်ပွဲရဲ့ Golden Boot ဆုကို စီရော်နယ်ဒိုက ရရှိခဲ့ပါတယ်။

ယူရို(၂၀၁၂)တုန်းကလည်း တောရက်စ်(စပိန်)၊ ဂိုးမက်ဇ်(ဂျာမနီ)၊ ဇာဂိုယက်ဗ်(ရုရှား)တို့ သွင်းဂိုး(၃)ဂိုးစီတူညီနေပေမယ့် တောရက်စ်က ကျန်ကစားသမား(၂)ဦးထက် ပွဲကစားချိန်ပိုနည်းတာကြောင့် Golden Boot ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုနှစ်မှာတော့ အရင်ပြိုင်ပွဲတွေလိုမဟုတ်ဘဲ Golden Boot ဆုကို ပူးတွဲချီးမြှင့်မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုခဲ့ပါတယ်။

ယူရို-၂၀၂၄ပြိုင်ပွဲမှာ (၃)ဂိုးအထက်သွင်းနိုင်သူမရှိခဲ့ရင် လက်ရှိ(၃)ဂိုးစီသွင်းထားတဲ့ ကစားသမား(၆)ဦးစလုံးကို ဒီပြိုင်ပွဲရဲ့ Golden Boot ဆုရှင်တွေ အဖြစ် ပူးတွဲသတ်မှတ်သွားမယ်လို့ UEFA ကအတည်ပြုခဲ့တာပါ။

ဗိုလ်လုပွဲမကစားခင်မှာ အော်လ်မို(စပိန်)၊ ဟာရီကိန်း(အင်္ဂလန်)၊ ဂတ်ပို(နယ်သာလန်)၊ ရှရန်းဇ်(ဆလိုဗက်ကီးယား)၊ မီကူတာဇီ(ဂျော်ဂျီယာ)၊ မူဆီယာလာ(ဂျာမနီ)အစရှိသူတို့က (၃)ဂိုးစီသွင်းပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ဦးဆောင်နေတာပါ။

ဗိုလ်လုပွဲမှာ အော်လ်မိုနဲ့ ဟာရီကိန်းက နောက်ထပ်ဂိုးမသွင်းနိုင်ရင် (ဒါမှမဟုတ်) အခြားကစားသမားတွေထဲက (၃)ဂိုးအထက်သွင်းနိုင်သူမရှိရင် အထက်ပါကစားသမား(၆)ဦးလုံးကို ဂိုးသွင်းအများဆုံးကစားသမားတွေ(Golden Boot ဆုရှင်တွေ)အဖြစ် အသိအမှတ်ပြုသွားမှာဖြစ်ပါတယ်။

တကယ်လို့ (၃)ဂိုးအထက် သွင်းနိုင်သူမရှိခဲ့ရင် ယူရို-၂၀၁၂ ပြိုင်ပွဲနောက်ပိုင်း ဒီပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်တွေအနေနဲ့ ဂိုးအနည်းဆုံးပြိုင်ပွဲအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲတစ်ခုအတွင်း ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ခဲ့သူက ပြင်သစ်ကစားသမားပလာတီနီဖြစ်ပြီး ယူရို-၁၉၈၄ ပြိုင်ပွဲတုန်းက (၉)ဂိုးအထိ သွင်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *