၂၀၂၁ တုန်းက အီတလီဘောလုံး+တင်းနစ် ပရိသတ်တွေလို တစ်ရက်အတွင်း နှစ်မျိုးရင်ခုန်ရမယ့် စပိန်ပရိသတ်များ

0

လွန်ခဲ့တဲ့(၃)နှစ်က ယူရို-၂၀၂၀ ဗိုလ်လုပွဲကစားခဲ့တဲ့နေ့မှာ အင်္ဂလန်က ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ (အမျိုးသား)ဗိုလ်လုပွဲ ကစားခဲ့ပါတယ်။

ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီအသင်းက အင်္ဂလန်အသင်းနဲ့ ကစားခဲ့သလို ဝင်ဘယ်လ်ဒန်တင်းနစ်ဗိုလ်လုပွဲမှာ အီတလီတင်းနစ်ကစားသမား မက်တီယိုဘာရက်တီနီက ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ ကစားခဲ့ရပါတယ်။

ဘောလုံးကိုရော၊ တင်းနစ်ကိုပါ ဝါသနာကြီးတဲ့ အီတလီပရိသတ်တွေအတွက်ကတော့ တစ်ရက်အတွင်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲ(၂)ခုကို ရင်ဆိုင်ရတာပါပဲ။ ဘောလုံးမှာ အီတလီအသင်းက ချန်ပီယံဖြစ်ခဲ့ပေမယ့် တင်းနစ်မှာတော့ ဘာရက်တီနီက ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် အီတလီဘောလုံးပရိသတ်တွေပျော်ခဲ့ရပြီး အီတလီတင်းနစ်ပရိသတ်တွေ ကြေကွဲခဲ့ရပါတယ်။

ဒီနှစ်မှာလည်း ဒီလို ဇာတ်ညွှန်းတစ်ခုက စပိန်ပရိသတ်တွေဆီရောက်ရှိလာပါတယ်။

ယူရို-၂၀၂၄ ဗိုလ်လုပွဲကစားမယ့် ဇူလိုင်(၁၄)ရက်နေ့မှာ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ (အမျိုးသား)ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။

ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းနဲ့ ကစားရမှာဖြစ်သလို ဝင်ဘယ်လ်ဒန်တင်းနစ်ဗိုလ်လုပွဲမှာစပိန်တင်းနစ်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ်က ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်နဲ့ ကစားရမှာဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးကိုရော၊ တင်းနစ်ကိုပါ ဝါသနာကြီးတဲ့ စပိန်ပရိသတ်တွေအတွက်ကတော့ ၂၀၂၁ ခုနှစ်က အီတလီပရိသတ်တွေလိုပဲ တစ်ရက်အတွင်း ရင်ခုန်စိတ်လှုပ်ရှားစရာ ဗိုလ်လုပွဲ(၂)ခုကို ရင်ဆိုင်ရတော့မှာပါ။ ဒီဗိုလ်လုပွဲနှစ်ခုစလုံးမှာ စပိန်တို့ ဗိုလ်စွဲပြီး စပိန်ဘောလုံး+တင်းနစ်ပရိသတ်တွေကို အပျော်(၂)ဆ ဖြစ်ပေါ်စေမလားဆိုတာကတော့ မကြာခင် သိရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *