ချန်ပီယံရေပန်းစားမှုမှာ အပြတ်အသတ်သာတာ အာဂျင်တီးနား၊ အကောင်းဆုံးကစားသမားဆုမှာ ရေပန်းစားတာ ဟားမိစ်

0

မနက်ဖြန်မနက် မြန်မာစံတော်ချိန်(၆း၃၀)နာရီမှာ ကစားကြမယ့် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာ ဘယ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ ဆိုတာကို ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က တွက်ချက်ဖော်ပြခဲ့ပါတယ်။

Opta ရဲ့ဖော်ပြချက်အရ အာဂျင်တီးနားအသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၆၂.၄%)အထိရှိနေပြီး ကိုလံဘီယာရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၃၇.၆%)ရှိနေပါတယ်။

ဒါကြောင့် ဒီပြိုင်ပွဲရဲ့လက်ရှိချန်ပီယံလည်းဖြစ်၊ အအောင်မြင်ဆုံးအသင်းလည်းဖြစ်တဲ့ အာဂျင်တီးနားအနေနဲ့ ချန်ပီယံဆုကိုရယူဖို့ ကိုလံဘီယာထက် များစွာအခြေအနေကောင်းနေတယ်လို့ ဆိုရမှာပါ။

ချန်ပီယံရေပန်းစားမှုမှာ အာဂျင်တီးနားက အပြတ်အသတ်သာပေမယ့် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Player of the Tournament)ရေပန်းစားမှုမှာတော့ ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမားဟားမိစ်ရိုဒရီဂွက်ဇ်က ထိပ်ဆုံးမှာ အပြတ်အသတ် အသာစီးရယူပြီးရေပန်းစားနေပါတယ်။

ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်တွေအရ ဒီဆုကို ရနိုင်ခြေရာခိုင်နှုန်းမှာ ဟားမိစ်ရိုဒရီဂွက်ဇ်က (၅၅%)အထိရှိနေပြီး ဒုတိယနေရာက မက်ဆီက (၁၄%)သာရှိနေတာကြောင့် ဟားမိစ်ရိုဒရီဂွက်ဇ်က (၄)ဆနီးပါးအထိ အပြတ်အသတ် အသာရနေပါတယ်။

သူတို့နှစ်ဦးနောက်မှာ လော်တာရိုမာတီနက်ဇ်(အာဂျင်တီးနား)က (၁၂%)၊ လူးဝစ်ဒီယက်ဇ်(ကိုလံဘီယာ)က (၇%)၊ အီမီလီယာနိုမာတီနက်ဇ်(အာဂျင်တီးနား)က (၇%)နဲ့ အသီးသီးရှိနေကြပါတယ်။

ဟားမိစ်ရိုဒရီဂွက်ဇ်ဟာ ဒီပြိုင်ပွဲမှာ ကစားထားတဲ့(၅)ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု(Player of the Match) (၄)ကြိမ်ရယူထားပြီး ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားသူပါ။

ဒါကြောင့် ချန်ပီယံရေပန်းစားမှုအတိုင်း အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်မလား … အကောင်းဆုံးကစားသမားဆုရေပန်းစားမှုအတိုင်း ဟားမိစ်ရိုဒရီဂွက်ဇ်က ဆုရယူနိုင်မလားဆိုတာ ကိုပါဗိုလ်လုပွဲကို စောင့်ကြည့်ရင်း အဖြေရှာရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *