ဆုဖလားနဲ့ လက်တစ်ကမ်းအလို ဗိုလ်လုပွဲတွေရောက်တိုင်း ကျိန်စာမိသလို အမြဲကျရှုံးနေရတဲ့ ဟာရီကိန်း

0

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းအတွက်တော့ ဆုဖလားတွေဆိုတာက သူနဲ့မအပ်စပ်တဲ့အရာတွေလို ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတုန်းပါပဲ။

စပါးမှာ ဖလားလက်မဲ့ရာသီတွေကို ဆက်တိုက်ကြုံတွေ့နေရလို့ ဂျာမန်အသင်းကြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာတယ်။ ဘိုင်ယန်မြူးနစ်အသင်းပါ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်သွားတယ်။

အခုလည်း ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ကံမကောင်းတဲ့မှတ်တမ်းဆိုးကို ဆက်ပြီးဆွဲဆန့်နိုင်ခဲ့ပါတယ်။ ဒါကတော့ ဖလားဗိုလ်လုပွဲတွေရောက်တိုင်း အနိုင်မရဘဲ အမြဲတမ်းရှုံးနိမ့်နေတဲ့ မှတ်တမ်းဆိုးပါ။

ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ဟာရီကိန်းဟာ ဖလားဗိုလ်လုပွဲတွေကို (၆)ကြိမ်ဆက်တိုက် အရေးနိမ့်တဲ့မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဟာရီကိန်းဟာ သူ့ရဲ့အရင်ကလပ် စပါးအသင်းနဲ့ ၂၀၁၅ လိဂ်ဖလားဗိုလ်လုပွဲနဲ့ ၊ ၂၀၂၁ လိဂ်ဖလားဗိုလ်လုပွဲတွေမှာအရေးနိမ့်ခဲ့ဖူးပြီး၊ စပါးအသင်းနဲ့ပဲ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကလည်း လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ရောက်တော့လည်း အသင်းအတွက် သူပထမဆုံးပွဲထွက်ကစားတဲ့ ၂၀၂၃ ဂျာမန်စူပါဖလားပွဲမှာ လိုက်ပ်ဇစ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။

ကလပ်အသင်းနဲ့အတူ ဆုဖလားတွေလွဲချော်နေတဲ့ ဟာရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂၀၊ ယူရို-၂၀၂၄ ဗိုလ်လုပွဲတွေမှာလည်း ဆုဖလားရဖို့ ကံမပါခဲ့ဘဲ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲနဲ့ အခု ယူရို-၂၀၂၄ ဗိုလ်လုပွဲ နှစ်ပွဲပေါင်းမှာလည်း ဟာရီကိန်းရဲ့ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးထိချက်က တစ်ကြိမ်သာရှိခဲ့ကြောင်း မှတ်တမ်းတွေကဖော်ပြပါတယ်။ ဟာရီကိန်းရဲ့ဒီမှတ်တမ်းက ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ အင်္ဂလန်ကွင်းလယ်လူဂရီးလစ်ရှ်ထက်တောင် (၁)ကြိမ်လျော့နည်းနေပါသေးတယ်။ ဂရီးလစ်ရှ်က ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ ပွဲချိန်(၂၁)မိနစ်သာ ကစားခွင့်ရခဲ့ပေမယ့် ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးထိချက် နှစ်ကြိမ်ရှိခဲ့တာပါ။

ဒါကြောင့် ဆုဖလားတွေဆိုရင် အမြဲလွဲချော်နေတတ်တဲ့ ဟာရီကိန်းအတွက် ဗိုလ်လုပွဲတွေက ကျိန်စာသင့်သလိုဖြစ်နေပြီလားဆိုတာ မေ။ခွန်းထုတ်ရတော့မလိုပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *