ရှုံးပွဲမရှိကစားနေတဲ့ ကိုလံဘီယာကို အချိန်ပိုဂိုးနဲ့ အနိုင်ယူပြီး ကိုပါအမေရိကချန်ပီယံဆု ပြန်ရယူခဲ့တဲ့ အာဂျင်တီးနား

0

အာဂျင်တီးနား(၁-ဝ)ကိုလံဘီယာ (AET)
(ကိုပါအမေရိကဗိုလ်လုပွဲ)

ဝါရင့်ကွင်းလယ်လူဒီမာရီယာရဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းကို နောက်ဆုံးနှုတ်ဆက်တဲ့ပွဲ၊ မက်ဆီရဲ့နောက်ဆုံးဖြစ်လာနိုင်တဲ့ ကိုပါအမေရိကပြိုင်ပွဲ၊ စံချိန်တင်(၂၈)ပွဲဆက်တိုက်အနိုင်ရထားတဲ့ ကိုလံဘီယာ၊ တစ်ကျော့ပြန်ခြေစွမ်းပြနေတဲ့ ဟားမိစ်ရိုဒရီဂွက်ဇ် အစရှိတဲ့ အကြောင်းအရာတွေကြောင့် ကိုပါအမေရိက ဗိုလ်လုပွဲက စိတ်ဝင်စားစရာတွေအပြည့်နဲ့ ဆွဲဆောင်ခဲ့ပါတယ်။

ဒီပွဲကို ပရိသတ်အများအပြားကွင်းအတွင်းဝင်ရောက်ကြည့်လိုတာကြောင့် မိုင်ယာမီက Venue Hard Rock Stadium ကွင်းအတွင်း လက်မှတ်မဲ့ပရိသတ်များစွာရဲ့တိုးဝှေ့ဝင်ရောက်မှုနဲ့အတူ ကသောင်းကနင်းဖြစ်ခဲ့ရပြီး ပုံမှန်အချိန်အတိုင်း ပွဲမစနိုင်ဘဲ ပွဲချိန်နောက်ကျခဲ့ပါတယ်။

တကယ်ပွဲကစားတော့ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း ဂိုးမရှိသရေဆိုပေမယ့် ပွဲက ပျင်းစရာမဖြစ်ခဲ့ဘဲ ကိုလံဘီယာအသင်းရဲ့အကြိမ်ကြိမ်ထိုးဖောက်မှုတွေကြောင့် အပြန်အလှန်နဲ့ ကြည့်ကောင်းခဲ့ပါတယ်။

အာဂျင်တီးနားဂိုးပေါက်ကို ကိုလံဘီယာအသင်းခြိမ်းခြောက်တဲ့အကြိမ်ကတောင် ပိုများခဲ့ပြီး လီဆန်ဒရိုမာတီနက်ဇ်၊ ရိုမဲရိုးနဲ့ ဂိုးသမားအီမီလီယာနိုမာတီနက်ဇ်တို့ ကောင်းလွန်းတာကြောင့် ဂိုးမရခဲ့တာပါ။
ဒီပွဲမှာ ရိုမဲရိုးက ခံစစ်မှာလည်း အကောင်းဆုံးကစားခဲ့တဲ့အပြင် တိုက်စစ်ကိုလိုက်ပါပြီး အသင်းအတွက် အကောင်းဆုံးပံ့ပိုးကစားနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးအချိန်ပိုမှာ အာဂျင်တီးနား တိုက်စစ်မှူးမာတီနက်ဇ် သွင်းခဲ့တဲ့ အဖိုးတန်အနိုင်ဂိုး (၁၁၂ မိနစ်)

ပွဲချိန်(၆၆)မိနစ်မှာတော့ တစ်ကွင်းလုံးစိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ ကိုလံဘီယာဂိုးဘက်ကို ထိုးဖောက်လာတဲ့ မက်ဆီကို ကိုလံဘီယာနောက်ခံလူအေရီယပ်စ်က ဖျက်ထုတ်ခဲ့ရာမှာ နှစ်ဦးလုံးထွေးလဲကျပြီး မက်ဆီရဲ့ခြေကျင်းဝတ်ကို ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်စေခဲ့တာပါ။

ဒီအဖြစ်အပျက်ကြောင့် မက်ဆီကွင်းထဲမှာ လူးလှိမ့်နေခဲ့ပြီး သူ့ကို လူစားလဲချိန်မှာလည်း အရန်ခုံပေါ်မှာ မျက်ရည်လည်ရွှဲြုဖစ်နေခဲ့ပါတယ်။ မက်ဆီကို လူစားလဲချိန်မှာ ပွဲကြည့်စင်ပေါ်က ပရိသတ်အတော်များများက မတ်တပ်ရပ်လက်ခုပ်တီးပြီး သူ့ကို အားပေးခဲ့ကြပါတယ်။

ပုံမှန်ပွဲချိန်အတွင်း (ဝ-၀)နဲ့ သရေကျနေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပို(၉၇)မိနစ်မှာ နည်းပြစကာလိုနီက ပရီးမီးယားလိဂ်ကစားသမား(၃)ဦးဖြစ်တဲ့ အယ်လ်ဗာရက်ဇ်၊ အလစ္စတာနဲ့ ဖာနန်ဒက်ဇ်တို့ကို တစ်ပြိုင်တည်းထုတ်ပြီး လော်တာရိုမာတီနက်ဇ်၊ ဆယ်လ်ဆို၊ ပါရီဒက်စ်တို့ကို လူစားဝင်ကစားစေခဲ့ပါတယ်။

စကာလိုနီရဲ့လူစားလဲမှုက မှန်ကန်ခဲ့ပြီး ပွဲချိန်(၁၁၂)မိနစ်မှာ ဆယ်လ်ဆိုရဲ့ပေးပို့မှုကနေ လော်တာရိုမာတီနက်ဇ်က တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းခဲ့ပါတယ်။

ဒီပွဲမှာ ကိုလံဘီယာရဲ့ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရပြီး အာဂျင်တီးနားအသင်းကတော့ ကိုပါအမေရိကဖလားကို (၁၆)ကြိမ်မြောက်ရယူနိုင်တဲ့ တစ်သင်းတည်းသောအသင်းအဖြစ် (ဥရုဂွေးကို တစ်ကြိမ်အသာရပြီး) ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲ အနှစ်ချုပ်

ချန်ပီယံ – အာဂျင်တီးနား
ဒုတိယ – ကိုလံဘီယာ
တတိယ – ဥရုဂွေး
စတုတ္ထ- ကနေဒါ
အကောင်းဆုံးကစားသမားဆု – ဟားမိစ်ရိုဒရီဂွက်စ်(ကိုလံဘီယာ)
အကောင်းဆုံးဂိုးသမားဆု – အီမီလီယာနိုမာတီနက်ဇ်(အာဂျင်တီးနား)
ဂိုးအများဆုံးသွင်းသူဆု – လော်တာရိုမာတီနက်ဇ်(အာဂျင်တီးနား)(၅)ဂိုး
အသန့်ရှင်းဆုံးအသင်းဆု – ကိုလံဘီယာ

ကစားခဲ့သောပွဲ – (၃၂)ပွဲ
သွင်းယူခဲ့သောဂိုး – (၇၀)ဂိုး
တစ်ပွဲပျမ်းမျှသွင်းဂိုး – (၂.၁၉)ဂိုး
ပွဲကြည့်သူစုစုပေါင်း – (၁၅၀၆၅၇၈)ဦး
တစ်ပွဲပျမ်းမျှ – (၄၇၀၈၁)ဦး

Leave a Reply

Your email address will not be published. Required fields are marked *