ဂျာမနီလက်ရွေးစင်ဘဝက အနားယူသွားတဲ့ သောမတ်စ်မူလာ

0

ဘိုင်ယန်မြူးနစ်အသင်းဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာဟာ ဂျာမနီလက်ရွေးစင်ကစားသမားဘဝက အနားယူပြီလို့ အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ဂျာမနီအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ပါဝင်ကစားခဲ့တဲ့ သောမတ်စ်မူလာဟာ နိုင်ငံအသင်းအတွက် (၁၃၁)ပွဲကစားပြီး (၄၅)ဂိုးသွင်းယူနိုင်ခဲ့သူပါ။

သောမတ်စ်မူလာဟာ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ လိုသာမာသီးယက်စ်၊ ကလိုဆေးတို့ပြီးနောက် ဂျာမနီအသင်းအတွက် ပွဲအရေအတွက်အများဆုံးကစားထားတဲ့သူအဖြစ် နံပတ်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

သောမတ်စ်မူလာက နိုင်ငံအတွက်ကစားရတာကို သူအမြဲတမ်းဂုဏ်ယူမိပြီး နှစ်ပေါင်းများစွာကြာ ပံ့ပိုးပေးမှုတွေပြုလုပ်ခဲ့တဲ့ ပရိသတ်တွေနဲ့ ဂျာမနီအသင်းဖော်တွေ အားလုံးကို သူကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တဲ့ နှုတ်ဆက်ဗီဒီယိုမှာ ပြောခဲ့တာပါ။

ကစားသမားဘဝက လုံးဝ အနားယူသွားတဲ့ တိုနီကရုးစ်နဲ့ ဂျာမနီလက်ရွေးစင်ဘဝကနေအနားယူခဲ့တဲ့ သောမတ်စ်မူလာ (ဝဲမှယာ)

သောမတ်စ်မူလာဟာ ၂၀၁၀ ကအာဂျင်တီးနားအသင်းနဲ့ ခြေစမ်းပွဲမှာ ဂျာမနီအသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၅)ဂိုးသွင်းယူကာ (၃)ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။

ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ သောမတ်စ်မူလာဟာ ပိုပြီးခြေစွမ်းပြသနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းနဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ဟက်ထရစ်ဂိုးသွင်းယူတာအပါအဝင် (၅)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဂျာမနီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ကို ဆုံးရှုံးခဲ့ရပြီးနောက် နောက်ထပ် ဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ သောမတ်စ်မူလာကိုပါ ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ အသက်(၃၈)နှစ်အရွယ်ရှိ ဝါရင့်ဂိုးသမား နော်ယာရဲ့ဂျာမနီအသင်းအနာဂတ်ကလည်း မသေချာမှုတွေရှိနေတာကြောင့် ဂျာမနီအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ ကစားသမား(၃)ဦးကို ဆုံးရှုံးရဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *