ချန်ပီယံဆုဖလားတွေနဲ့ အတူ စပိန်တို့အတွက် ရွှေရောင်လွှမ်းတဲ့နေ့ရက်များ

0

ဒီနှစ်အပိုင်းအခြားကာလက စပိန်ဘောလုံးတင်မကဘဲ အားကစားလောကအတွက် ရွှေရောင်နေ့ရက်တွေလို့ ဆိုရမှာပါပဲ။

မနှစ်က ဒီလိုအချိန် ၂၀၂၃ ဇူလိုင်လမှာကျင်းပတဲ့ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ စပိန်တင်းနစ်ကစားသမားကားလိုစ်အယ်လ်ကာရက်ဇ်က ဆားဘီးယားတင်းနစ်ကစားသမားဂျိုကိုဗစ်ကို အနိုင်ရဗိုလ်စွဲခဲ့တယ်။

နောက်တစ်လအကြာမှာပဲ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို ဗိုလ်လုပွဲမှာအနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တယ်။ ၂၀၂၃ နွေရာသီက စပိန်ဘောလုံးပရိသတ်တွေရော၊ တင်းနစ်ပရိသတ်တွေပါ ကျေနပ်ပျော်ရွှင်စရာဖြစ်ခဲ့တယ်။

အခု ၂၀၂၄ ခုနှစ်က စပိန်တို့အတွက် ပိုပြီး ထူးခြားတဲ့နှစ်လို့ ဆိုရမယ်။

တိုက်ကြီးများအလိုက် အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲတွေမှာ စပိန်အသင်းတွေအားလုံး အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ဂျာမန်ကလပ်ဒေါ့မွန်ကို အနိုင်ရပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တယ်။ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စပိန်ကလပ် ဘာစီလိုနာအမျိုးသမီးအသင်းက ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးနာမည်ကြီး လိုင်ယွန်အသင်းကို အနိုင်ရပြီး ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့တယ်။

၂၀၂၄ ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ မနှစ်ကလိုပဲ စပိန်တင်းနစ်ကစားသမား ကားလိုစ်အယ်လ်ကာရက်ဇ်နဲ့ ဂျိုကိုဗစ်တို့ ထပ်တွေ့တော့ ကားလိုစ်အယ်လ်ကာရက်ဇ်နဲ ထပ်မံအနိုင်ရဗိုလ်စွဲခဲ့တယ်။

ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ကားလိုစ်အယ်လ်ကာရက်ဇ် ချန်ပီယံဆုရယူပြီး နာရီပိုင်းအကြာ (ဇူလိုင် ၁၄ ရက် တစ်ရက်အတွင်းမှာ) စပိန်လက်ရွေးစင်အသင်းက အင်္ဂလန်အသင်းကို ယူရို-၂၀၂၄ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပတယ်။

ပြီးခဲ့တဲ့နှစ်က ဂရင်းဆလင်းတင်းနစ်နဲ့အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးချန်ပီယံဆုတွေအတွက် စပိန်အားကစားပရိသတ်တွေ ပျော်ခဲ့ရသလို၊ ဒီနှစ်မှာလည်း ဂရင်းဆလင်းတင်းနစ်နဲ့ ယူရိုဘောလုံးချန်ပီယံဆုတွေအတွက် စပိန်ပရိသတ်တွေအတွက် ကျေနပ်ပျော်ရွှင်စရာဖြစ်ခဲ့ရတယ်။

(၂)နှစ်ဆက်တိုက် ဥရောပနွေရာသီကာလအတွင်း တင်းနစ်နဲ့ဘောလုံးမှာ ပျော်ရွှင်စရာဖြစ်ခဲ့ရသလို၊ တိုက်ကြီးများအလိုက် ချန်ပီယံဆုတွေကို အမျိုးသား၊ အမျိုးသမီးကလပ်အသင်းတွေရော၊ စပိန်လက်ရွေးစင်အသင်းပါ အရယူနိုင်ခဲ့ခြင်းအတွက် ကျေနပ်ပျော်ရွှင်စရာအတိဖြစ်ခဲ့ရတယ်။ တိုက်ကြီးများအလိုက် အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲတွေမှာ ဒီလိုတစ်နိုင်ငံတည်းက အသင်း(၃)သင်း တစ်နှစ်အတွင်း ချန်ပီယံဖြစ်တာက ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးလည်းဖြစ်တယ်။

ဒါကြောင့် လက်ရှိကာလက စပိန်တို့အတွက် ရွှေရောင်လွှမ်းတဲ့ကာလတစ်ခုလို့ ဆိုရမှာဖြစ်ပြီး စပိန်အမျိုးသားအသင်းတွေရော၊ အမျိုးသမီးအသင်းတွေပါ သူတို့ရဲ့အောင်မြင်မှုတွေ ဘယ်လောက်အထိ လွှမ်းမိုးအောင် စွမ်းဆောင်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *