မက်ဆီရဲ့ ခြေရာကိုနင်းလာတဲ့ လာမင်းယာမားလ်နဲ့ စီရော်နယ်ဒိုလျှောက်ခဲ့တဲ့ လမ်းကို လှမ်းလာတဲ့ ဘာပေ

0

ဘာစီလိုနာအသင်းရဲ့စပိန်ဆယ်ကျော်သက်ကစားသမား လာမင်းယာမားလ်က လာမယ့် ၂၀၂၄-၂၅ ရာသီမှာ အသင်းရဲ့ ဂန္ထဝင်ကစားသမားမက်ဆီ ငယ်ရွယ်စဉ်အချိန်က ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ် (၁၉)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာမှာစတင်ကစားစဉ်အချိန်က ကျောနံပါတ်(၃၀)၊(၁၁)၊(၉)၊ (၈) အစရှိတဲ့နံပါတ်တွေဝတ်ဆင်ခဲ့ပေမယ့် ၂၀၀၅-၀၆ ရာသီစပြီး ၂၀၀၇-၀၈ ရာသီအထိ (၃)ရာသီဆက်တိုက် ကျောနံပါတ်(၁၉)ကို ဝတ်ဆင်ခဲ့တာပါ။

အဲဒီနောက် ၂၀၀၈-၀၉ ရာသီမှ အေစီမီလန်အသင်းကို ပြောင်းသွားတဲ့ ဘရာဇီးလ်ကစားသမားရော်နယ်လ်ဒင်ဟိုဆီက ကျောနံပါတ်(၁၀)ကို လွှဲပြောင်းဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ မက်ဆီရဲ့ကျောနံပါတ်(၁၀)အင်္ကျီကို ဝတ်ဆင်ခွင့်မရသေးပေမယ့် (လက်ရှိဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၁၀ အင်္ကျီကို ဝတ်ဆင်ခွင့်ရထားသူက တိုက်စစ်မှူး အန်ဆုဖာတီဖြစ်ပါတယ်) မက်ဆီ နုငယ်စဉ်အချိန်က ကျောနံပါတ်(၁၉)ကို ဝတ်ဆင်မယ့် ယာမားလ်အနေနဲ့ မက်ဆီရဲ့ခြေရာကို နင်းလာပြီလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို ဒီနွေရာသီမှာ ရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေရဲ့မိတ်ဆက်ပွဲကို ဘာနေဗျူးကွင်းအတွင်း ပရိသတ်(၈၀၀၀၀)ကျော်ရှေ့မှာ ကျင်းပတော့ ပရိသတ်တွေအနေနဲ့ ရီးရဲလ်ကစားသမားဟောင်း စီရော်နယ်ဒိုကို သတိရစရာဖြစ်ခဲ့ပါတယ်။

ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး စီရော်နယ်ဒိုလည်း ရီးရဲလ်ပထမဆုံးရာသီမှာ ကျောနံပါတ်(၉)ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒို ရီးရဲလ်မက်ဒရစ် စရောက်ရောက်ချင်းတုန်းက အသင်းရဲ့အဓိကတိုက်စစ်မှူးရာအူးလ်က ကျောနံပါတ်(၇)ကို ဝတ်ဆင်နေပြီး နောက်ရာသီ ရာအူးလ်အသင်းက ထွက်သွားမှ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခွင့်ရခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပထမဆုံးရာသီမှာ ကျောနံပါတ်(၉)ဝတ်ဆင်ပြီး အသင်းအတွက် လာလီဂါသွင်းဂိုး(၂၆)ဂိုးအပါအဝင် (၃၃)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အခုလည်း ဘာပေက ကျောနံပါတ်(၉)နဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးဘယ်လောက်သွင်းယူပေးနိုင်မလဲဆိုတာ ရီးရဲလ်ပရိသတ်တွေ ရင်ခုန်ရဦးမှာပါ။

ဘာစီလိုနာမှာ မက်ဆီရဲ့ခြေရာကိုနင်းလာတဲ့ ယာမားလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ စီရော်နယ်ဒို လျှောက်ခဲ့တဲ့လမ်းကို လျှောက်လှမ်းလာတဲ့ ဘာပေတို့ ဘယ်လောက်အထိ အောင်မြင်မလဲ .. ဘယ်အဆင့်အထိတက်လှမ်းနိုင်မလဲဆိုတာကတော့ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *