အာဂျင်တီးနားထိပ်ဆုံးမှာ ဆက်ရှိနေပြီး ယူရိုချန်ပီယံ အဆင့်(၅)ဆင့်တက်လာတဲ့ ဖီဖာကမ္ဘာ့အဆင့်

0

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ရာမှာ ယူရို-၂၀၂၄ ချန်ပီယံစပိန်အသင်းက အဆင့်(၅)ဆင့်အထိ မြင့်တက်လာခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ဖလားချန်ပီယံနဲ့ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းက အရင်အတိုင်း ထိပ်ဆုံးနံပါတ်(၁)နေရာမှာ ဆက်လက်ဦးဆောင်ခဲ့ပြီး (၂)နှစ်(၃)လကြာ ထိပ်ဆုံးနေရာကို ဆုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ ၂၀၂၃ ခုနှစ်ဧပြီလကတည်းက ကမ္ဘာ့အဆင့်(၁)နေရာကို သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး လက်ရှိအသင်းရဲ့အောင်မြင်မှုတွေအရ ရမှတ်တွေများစွာရရှိနေတာကြောင့် ဒီနေရာမှာ ဆက်လက်တည်မြဲနေဦးမှာ ဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ ပြင်သစ်အသင်းကလည်း အာဂျင်တီးနားလိုပဲ အဆင့်(၂)နေရာကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အရင်ထုတ်ပြန်မှုမှာ အဆင့်(၈)နေရာမှာ ရှိခဲ့တဲ့ စပိန်အသင်းက အဆင့်(၅)ဆင့်တိုးကာ အဆင့်(၃)နေရာကို ရောက်လာပြီး အရင်အဆင့်(၃)မှာ ရှိခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းက အဆင့်(၃)ဆင့်ကျကာ အဆင့်(၆)ကို ရောက်သွားခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ခဲ့တဲ့ အင်္ဂလန်အသင်းက အဆင့်(၁)ဆင့်မြင့်တက်ခဲ့ပြီး အဆင့်(၄)ကို ရောက်လာခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ရောက်ခဲ့တဲ့ ကိုလံဘီယာအသင်းကလည်း အဆင့်(၃)ဆင့်တက်ကာ အဆင့်(၉)ကို ရောက်လာခဲ့ပါတယ်။ ထိပ်ဆုံး(၁၀)သင်းစာရင်းမှာတော့ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီတို့ အဆင့်ကျခဲ့ပြီး အာဂျင်တီးနား၊ ပြင်သစ်၊ နယ်သာလန်နဲ့ အီတလီတို့ကတော့ အရင်အဆင့်အတိုင်းရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းက အရင်ထုတ်ပြန်မှုထက် အဆင့်(၂)ဆင့်လျော့ကျကာ အဆင့်(၁၆၆)ကို ရောက်သွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *