ချယ်လ်ဆီးအသင်းအတွင်းမှာ တောက်လောင်နေတဲ့ မီးနဲ့ ဂျက်ဆန်ရဲ့ စစ်ပြေငြိမ်းရေး ကြိုးပမ်းမှု

0

ချယ်လ်ဆီးအသင်းရဲ့ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင်က လူမျိုးရေးခွဲခြားမှုကြောင့် ဖိအားဒဏ်တွေခံနေရတဲ့ အသင်းဖော်ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ဖိအားတချို့လျော့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့Instagram မှာ ဗီဒီယိုဖိုင်လေးတစ်ခုတင်ခဲ့ပါတယ်။

ဒီဗီဒီယိုထဲမှာတော့ ချယ်လ်ဆီးအသင်းရဲ့ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ ဖာနန်ဒက်ဇ်နဲ့ လူမည်းကလေးငယ်လေးတစ်ဦးတို့ အပြန်အလှန်စကားပြောဆိုနေတဲ့ မြင်ကွင်းပါဝင်ခဲ့ပါတယ်။

သဘောကတော့ ဖာနန်ဒက်ဇ်အနေနဲ့ လူမည်းမုန်းတီးရေးသမားမဟုတ်ဘူးလို့ ဂျက်ဆန်က အများသိအောင် အသိပေးခဲ့တာပါ။

ဒါပေမယ့် ချယ်လ်ဆီးအသင်းအတွင်း ပြိုကွဲမှုကတော့ ဖာနန်ဒက်ဇ်ဘက်က တောင်းပန်ခဲ့သည့်တိုင် ကြောက်စရာကောင်းတဲ့ အလားအလာကို ဦးတည်နေပါတယ်။

ဖာနန်ဒက်ဇ်နဲ့ အာဂျင်တီးနားအသင်းဖော်တွေ အသင်းဘတ်စ်ကားပေါ်မှာ ပြင်သစ်အသင်းရဲ့လူမည်းကစားသမားတွေကို စော်ကားတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာချိန်မှာ ပထမဆုံးတုံ့ပြန်ခဲ့သူက ချယ်လ်ဆီးအသင်းရဲ့ပြင်သစ်နောက်ခံလူ ဝစ်ဆလေဖိုဖာနာပါ။

ဖိုဖာနာက ‘uninhibited racism’ လို့ ရေးသားပြီး ဖာနန်ဒက်ဇ် Live လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြန် Share ခဲ့တာပါ။ တစ်ဖက်သားခံစားချက်အပေါ်ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ထိန်းချုပ်မှုမရှိတဲ့ ရိုင်းပျတဲ့ လူမျိုးရေးစော်ကားခြင်းလို့ ဖိုဖာနာက ဆိုလိုခဲ့တာပါ။

ဒီအတွက် သူ့အပေါ် ပြန်လည်တုံ့ပြန်မှုတွေက ပြင်းထန်ပါတယ်။ အာဂျင်တီးနားပရိသတ်လို့ ယူဆရသူတွေက အုံလိုက်ကျင်းလိုက် တိုက်ခိုက်တဲ့ဒဏ်ကို ဆိုရှယ်မီဒီယာမှာ ဖိုဖာနာက အလူးအလဲခံနေရပါတယ်။

ဖိုဖာနာက ချယ်လ်ဆီးအသင်းမှာ ဖာနန်ဒက်ဇ်ရဲ့Instagram ကို unfollowed လုပ်ခဲ့တဲ့ ပြင်သစ်လူမည်းကစားသမား(၃)ဦးထဲက တစ်ဦးပါ။ ကျန်(၂)ဦးကတော့ နောက်ခံလူ ဒီဆာဆီနဲ့ ဂတ်စ်တိုတို့ ဖြစ်ကြပါတယ်။

ဒီကစားသမား(၃)ဦးအပြင် အန်ကွန်ကူ၊ ဘာဒီယာရှီလီ၊ အူဂိုချူကူတို့လို ပြင်သစ်လူမည်းကစားသမားတွေ တပြုံတမကြီး ရှိနေတဲ့ ချယ်လ်ဆီးအသင်းမှာ ကစားနေတဲ့ ကစားသမားတစ်ယောက်အနေနဲ့ ဒီလို ပြင်သစ်လူမည်းကစားသမားတွေကို စော်ကားတဲ့သီချင်းသီဆိုပြီး Live လွှင့်ခဲ့တာလောက် မိုက်မဲတဲ့အပြုအမူ မရှိတော့ပါဘူး။

အခုတော့ ဒီ ဆိုးရွားမိုက်မဲတဲ့အပြုအမူအတွက် ဖာနန်ဒက်ဇ်တစ်ယောက် ပြန်ပေးဆပ်ရဖို့ ရှိနေပြီး အသင်းက ရောင်းထုတ်မခံရရင်တောင် ကံကောင်းလို့ ဆိုရမှာပါ။

ချယ်လ်ဆီးအသင်းဆိုတာ ခေတ်အဆက်ဆက် လူမည်းကစားသမားတွေအများအပြားကစားခဲ့တဲ့အသင်းဖြစ်သလို၊ ပြင်သစ်လူမည်းကစားသမားတွေလည်း မနည်းမနောကစားခဲ့တဲ့အသင်းပါ။

ဆီနီဂေါလူမည်းကစားသမား ဂျက်ဆန်က တောက်လောင်နေတဲ့ မီးတောက်တွေကို ငြိမ်းသတ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖာနန်ဒက်ဇ်ကို ဖေးမတဲ့ ပို့စ်ကို တင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြင်ပပယောဂတွေ(အာဂျင်တီးနားပရိသတ်တွေနဲ့ ပြင်သစ်ပရိသတ်တွေ)ကြောင့် ဒီမီးတောက်မီးလျှံက တောက်လောင်နေဆဲပါ။

လာမယ့် ၂၀၂၄-၂၅ ရာသီသစ်မစတင်မီ ချယ်လ်ဆီးအသင်းမှာ တောက်လောင်နေတဲ့ ဒီ လူမျုးိရေးခွဲခြားမှုပြဿနာမီး အညွန့်ကျိုးသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ…

Leave a Reply

Your email address will not be published. Required fields are marked *