အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် အင်္ဂလန်ပရိသတ်တွေ အလိုရှိဆုံး အက်ဒီဟောင်း

0

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်က ရာထူးကနုတ်ထွက်သွားခဲ့တာကြောင့် အင်္ဂလန်အသင်းနည်းပြနေရာလစ်လပ်နေပြီး လက်ရှိမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က နည်းပြသစ်ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

လစ်လပ်နေတဲ့ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ဘယ်နည်းပြကို အင်္ဂလန်အသင်းအားပေးသူပရိသတ်တွေ အတွေ့မြင်ချင်ဆုံးလဲဆိုတာ ဘောလုံးဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Livescore က အင်္ဂလန်ပရိသတ်တွေဆီမှာ ဆန္ဒမဲကောက်ခံခဲ့ပါတယ်။

ပရိသတ်တွေရဲ့ဆန္ဒမဲအရ လက်ရှိနယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းကို အများဆုံးအလိုရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

အက်ဒီဟောင်းကို ပရိသတ်(၂၇.၉%)က အများဆုံးအဖြစ် ရွေးချယ်ခဲ့ကြပြီး၊ ဒုတိယနေရာမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက(၂၂.၃%)နဲ့ရှိနေပါတယ်။ ဂွါဒီယိုလာက FA တာဝန်ရှိသူတွေ ပစ်မှတ်ထားနေတဲ့နည်းပြတစ်ဦးဖြစ်ပြီး သူနဲ့မန်စီးတီးအသင်း စာချုပ်သက်တမ်းကုန်ရင် အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ တကယ်လို့ သဘောတူညီမှုရမယ်ဆိုရင်တော့ လောလောဆယ် အင်္ဂလန်အသင်းရဲ့ပွဲတွေကို ကိုင်တွယ်ဖို့ ယာယီနည်းပြတစ်ဦး ခန့်အပ်နိုင်ပါတယ်။

ဂွါဒီယိုလာရဲ့နောက်မှာ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟို က (၁၂.၄%)နဲ့ ရှိနေပါတယ်။ မော်ရင်ဟိုက တစ်နေ့နေ့လက်ရွေးစင်အသင်းနည်းပြလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဝန်ခံထားသူဖြစ်ပြီး FA တာဝန်ရှိသူတချို့က သူ့ကိုလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဂွါဒီယိုလာ၊ မော်ရင်ဟိုတို့နောက်မှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာ (၁၀.၇%)၊ အယ်လ်အက်တီဖက်အသင်းနည်းပြ စတီဗင်ဂျရတ် (၄.၇%)အစရှိသူတို ရှိနေပါတယ်။

ပရိသတ်တွေဆန္ဒမဲပေးတဲ့အထဲမှာ ထူးခြားမှုအဖြစ် အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ဒတ်ချ်လူမျိုးအမျိုးသမီးနည်းပြ ဆာရီနာဝစ်ခ်မန်းကလည်း ပါဝင်နေပြီး ဂျရတ်နဲ့အတူတူ (၄.၇%)နဲ့ ရပ်တည်နေပါတယ်။

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကို ယူရိုအမျိုးသမီးချန်ပီယံဆု၊ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလား ဒုတိယဆုတွေရယူပေးနိုင်တဲ့အချိန်ကတည်းက ဆာရီနာဝစ်ခ်မန်းကို အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ပေးသင့်ကြောင်း ပြောဆိုမှုတွေရှိခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *