တစ်ခါ”ပြာ”ပြီးရင် တစ်သက်လုံးပြာမယ်ပြောပြီး နီခဲ့လို့ ရွန်နီလို ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ဟိုင်တင်ဂါ

0

“ကြမ်းကျွံရင် နှုတ်ရ၊ စကားကျွံရင် နှုတ်မရ” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။

ဆိုခဲစေမြဲစေဆိုသလို ဘယ်အရာမဆို အလွယ်တကူကတိမပေးမိဖို့၊ မသေချာဘဲ မပြောမိဖို့လိုအပ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ဒတ်ချ်လူမျိုးနည်းပြ အာနီစလော့က သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ ဒတ်ချ်လူမျိုးနည်းပြတစ်ဦးဖြစ်တဲ့ ဟိုင်တင်ဂါကိုခေါ်ပြီး လက်ထောက်နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

လီဗာပူးလ်လက်ထောက်နည်းပြဖြစ်လာတဲ့ ဟိုင်တင်ဂါတစ်ယောက် အရင်က ကျွံထားမိခဲ့တဲ့စကားတစ်ခွန်းအတွက် မေးခွန်းထုတ်ဝေဖန်ခံနေရပါပြီ။

သူ့ရဲ့ဖြစ်ရပ်က မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်နဲ့လည်း ထပ်တူထပ်မျှ တူညီနေပါတယ်။

ဟိုင်တင်ဂါက လီဗာပူးလ်အသင်းရဲ့မြို့ခံပြိုင်လက် အဲဗာတန်အသင်းမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ (၅)နှစ်ကြာကစားခဲ့ဖူးသူပါ။ အိုင်းယက်စ်၊ အက်သလက်တီကို၊ ဖူလ်ဟမ်၊ ဟာသာဘာလင်အစရှိတဲ့ကလပ်အသင်းတွေမှာလည်းကစားခဲ့ဖူးတဲ့ ဟိုင်တင်ဂါဟာ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့ချိန်မှာ အဲဗာတန်ပရိသတ်တွေကို နှုတ်ဆက်စာရေးတော့ ”Once a Blue, always a Blue.”ဆိုတဲ့ စာလေး ထည့်ရေးမိတာပါ။

အခုတော့ အနီရောင်အသင်းကို ရောက်လာတဲ့ ဟိုင်တင်ဂါဟာ တစ်ချိန်က သူ Twitter (အခု X)မှာ ရေးခဲ့တဲ့ ဒီစာသားအတွက် အဲဗာတန်ပရိသတ်တွေထံက ဝေဖန်မှုတွေ၊ မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။ အဲဗာတန်ပရိသတ်တွေက သူ့ကို စကားမတည်သူ၊ သစ္စာမရှိသူအဖြစ် ပုံဖော်ခဲ့ကြပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကလည်း တစ်ချိန်က အဲဗာတန်ကစားသမားတစ်ဦးပါ။ အဲဗာတန်အသင်းမှာ လူငယ်ကစားသမားဘဝစတင်ခဲ့ပြီး နာမည်ကြီးထင်ရှားလာတဲ့ ရွန်နီက အဲဗာတန်အသင်းရဲ့ပွဲစဉ်တစ်ခုမှာ ဂိုးသွင်းပြီး အောင်ပွဲခံတော့ အောက်ကအင်္ကျီမှာ ”Once a Blue, always a Blue.”ဆိုတဲ့ စာနဲ့အတူ အောင်ပွဲခံခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကို သူပြောင်းရွှေ့ကစားတော့ အဲဗာတန်ပရိသတ်တွေက ဒီစာကို မမေ့ဘဲ တုံ့ပြန်ခဲ့ကြတာပါ။ တစ်သက်လုံးပြာမယ်ပြောပြီး ဘာကြောင့် နီသွားတာလဲလို့ သူ့ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့အတူ အဲဗာတန်အသင်းရဲ့ကွင်းကို ရွန်နီလာကစားတော့ ပရိသတ်တချို့က ”တစ်သက်လုံးပြာမယ်ဆိုပြီး နီသွားတဲ့သူက ငါတို့အသည်းနှလုံးထဲမှာ သေဆုံးသွားခဲ့ပြီ”ဆိုတဲ့ စာအပါအဝင် ရွန်နီကို ဆန့်ကျင်တဲ့စာတွေထောင်ခဲ့ကြပါတယ်။

အခုလည်း ဟိုင်တင်ဂါတစ်ယောက် ရွန်နီလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မာဆေးဆိုက်ဒါဘီ အဲဗာတန်-လီဗာပူးလ်ပွဲကျရင် အဲဗာတန်ပရိသတ်တွေက သူ့ကို ဘယ်လိုဆန့်ကျင်မှုတွေလုပ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲ …

Leave a Reply

Your email address will not be published. Required fields are marked *