ဂရေဟမ်ပေါ်တာကို အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဖြစ်စေချင်နေတဲ့ ချယ်လ်ဆီးအသင်း

0

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့နည်းပြဟောင်း ဂရေဟမ်ပေါ်တာကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီလို ဆန္ဒရှိနေတဲ့အကြောင်းအရင်းကတော့ တကယ်လို့ ဂရေဟမ်ပေါ်တာသာ အင်္ဂလန်အသင်းနည်းပြဖြစ်လာရင် ချယ်လ်ဆီးအသင်းက ငွေရေးကြေးရေးအရ များစွာအကျိုးရှိစေမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ၂၀၂၃ ဧပြီလက နည်းပြရာထူးကထုတ်ပယ်ခဲ့ပြီး နှစ်ဖက်သဘောတူညီချက်တွေအရ အခုအချိန်အထိ လစာငွေပေးချေနေရဆဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းထံက ဂရေဟမ်ပေါ်တာနဲ့ သူ့ရဲ့နည်းပြအဖွဲ့ကို ခေါ်ယူမှုအတွက် ဘရိုက်တန်အသင်းကို နစ်နာကြေးပေါင်(၂၁)သန်းပေးခဲ့ရပါတယ်။ ဂရေဟမ်ပေါ်တာကို ချယ်လ်ဆီးအသင်းက (၅)နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့ စာချုပ်ခဲ့တာပါ။

ဒါပေမယ့် ဂရေဟမ်ပေါ်တာရဲ့ကိုင်တွယ်မှုအောက်မှာ အသင်းက ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နည်းပြအဖြစ်ခန့်အပ်ပြီး (၇)လအကြာမှာပဲ ရာထူးကထုတ်ပယ်ခဲ့ရတာဖြစ်ပါတယ်။ ဂရေဟမ်ပေါ်တာကို ရာထူးက ထုတ်ပယ်စဉ်က ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့လစာကို နောက်ထပ်(၁၈)လ ဆက်ပြီး ပေးချေသွားမယ်လို့ သဘောတူညီမှုရယူခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့် အောက်တိုဘာလအထိ ဂရေဟမ်ပေါ်တာရဲ့လစာငွေကို ပေးချေရဖို့ တာဝန်ရှိနေပြီး တစ်ပတ်ကို ပေါင်(၂)သိန်း ပုံမှန်ပေးချေနေရကြောင်း သိရပါတယ်။

တကယ်လို့အင်္ဂလန်အသင်းကသာ ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ရင် ချယ်လ်ဆီးပေးချေနေရတဲ့ လစာငွေပမာဏက များစွာ လျော့ကျသွားပြီး ပေါင်သန်းချီသက်သာသွားမှာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာဟာ လက်ရှိအင်္ဂလန်အသင်းနည်းပြသစ် ရေပန်းစားသူစာရင်းမှာ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းနောက်မှာ ဒုတိယရေပန်းအစားဆုံးနည်းပြအဖြစ် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *