ဂျီဘရော်တာကို စပိန်ပိုင်ကြောင်းကြွေးကြော်ခဲ့ကြလို့ အရေးယူခံရတော့မယ့် ရိုဒရီနဲ့ မိုရာတာ

0

စပိန်ကွင်းလယ်လူရိုဒရီနဲ့ အသင်းခေါင်းဆောင်မိုရာတာတို့ကို ဂျီဘရော်တာကျွန်းဆွယ်ကို စပိန်ပိုင်ဆိုင်ကြောင်း ကြွေးကြော်ခဲ့ခြင်းအတွက် စည်းကမ်းပိုင်းဆိုင်ရာအရ အရေးယူသွားမှာ ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မက်ဒရစ်မြို့က Plaza de Cibeles ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ယူရို(၂၀၂၄)ချန်ပီယံဆု အောင်ပွဲခံအခမ်းအနားမှာ ထောင်သောင်းချီတဲ့ပရိသတ်တွေအရှေ့စင်မြင့်ပေါ်ကနေ ရိုဒရီနဲ့ မိုရာတာတို့နှစ်ဦးဟာ ဂျီဘရော်တာဟာ စပိန်အပိုင်ဖြစ်တယ်လို့ အော်ဟစ်ကြွေးကြော်ခဲ့ကြတာပါ။

ရိုဒရီက စင်မြင့်ထက်မှာ မိုက်ကရိုဖုန်းကို ကိုင်ပြီး “Gibraltar es español” (ဂျီဘရော်တာဟာ စပိန်ဖြစ်တယ်)လို အော်ခဲ့သလို၊ မိုရာတာကလည်း ပရိသတ်တွေကို “ခင်ဗျားတိုအားလုံးကို ကျွန်တော် ဒီနေရာကနေ သတိပေးချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီမှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့တယ်။ တကယ်တော့ ဂျီဘရော်တာက စပိန်တိုရဲ့အပိုင်ပဲ”လို ပြောခဲ့တာပါ။

စပိန်နိုင်ငံ တောင်ဘက်စွန်းက ကျွန်းဆွယ်လေးဖြစ်တဲ့ ဂျီဘရော်တာဟာ (၁၇၁၃) ခုနှစ်ကတည်းက အင်္ဂလိပ်တွေ ပိုင်ဆိုင်တဲ့နယ်မြေအဖြစ် ရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်တွေကို စစ်ရှုံးခဲ့တဲ့ စပိန်တို့က အူထရက်ချ်စာချုပ်အရ ဒီနယ်မြေကို အင်္ဂလိပ်တွေဆီ ပေးခဲ့ရတာပါ။ (၂.၆)စတုရန်းမိုင်လောက်သာ ကျယ်ဝန်းပြီး လူဦးရေ (၃၅၀၀၀)လောက်သာနေထိုင်တဲ့ဂျီဘရော်တာဟာ သာယာလှပတဲ့ ကျွန်းဆွယ်လေးတစ်ခုဖြစ်ပါတယ်။

စပိန်ကစားသမားတွေရဲ့ ဒီကြွေးကြော်မှုတွေအတွက် ဂျီဘရော်တာအစိုးရကရော၊ ဂျီဘရော်တာဘောလုံးအဖွဲ့ချုပ်ကပါ ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ တရားဝင်တိုင်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဂျီဘရောလ်တာဟာ ၂၀၁၃ ကတည်းက UEFA ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တာပါ။ မိုရာတာနဲ့ ရိုဒရီတို့ဟာ UEFA ရဲ့အရေးယူမှုကို ခံရမယ်ဆိုရင် လာမယ့်စက်တင်ဘာမှာကစားရမယ့် Nations League ပွဲစဉ်တွေမှာ ပွဲပယ်ခံရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ယူရို-၂၀၂၄ ပြိုင်ပွဲအတွင်းမှာ ဆားဘီးယားနဲ့မြောက်မက်ဆီဒိုးနီးယားတို့ကို ဆန့်ကျင်တဲ့ အမျိုးသားရေးကြွေးကြော်မှုတွေပြုလုပ်ခဲ့တဲ့ အယ်လ်ဘေးနီးယားကစားသမား ဒါကူကို UEFA က(၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *