အယူခံဝင်မှုကို ရုပ်သိမ်းခဲ့ပြီးနောက် တတိယတန်းကို တန်းဆင်းရတော့မယ့် ပြင်သစ်ချန်ပီယံဟောင်းဘော်ဒိုး

0

ပြင်သစ်လီဂူး-၁ ချန်ပီယံဟောင်း ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးအခြေအနေကြောင့် တန်းဆင်းမယ့်အပေါ် အယူခံဝင်မှုကို ရုပ်သိမ်းခဲ့ပြီးနောက် အခုရာသီတတိယတန်းမှာ ကစားရတော့မယ်လို့ သိရပါတယ်။

ဘော်ဒိုးအသင်းဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို(၆)ကြိမ်ရယူထားပြီး နောက်ဆုံးရယူနိုင်ခဲ့တာက ၂၀၀၈-၀၉ ရာသီက ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးရဲ့ဘဏ္ဍာရေးစောင့်ကြည့်တဲ့အဖွဲ့အစည်း(DNCG)က ဘော်ဒိုးအသင်းအနေနဲ့ ဘဏ္ဍာရေးအခြေအနေကိုက်ညီမှုရှိဖို့အတွက် ယူရိုသန်း(၄၀)ရှာဖွေဖို့လိုအပ်တယ်ဆိုပြီး ဇူလိုင်(၉)ရက်က အရေးယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘော်ဒိုးအသင်းဟာ လီဗာပူးလ်အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG အစုအဖွဲ့နဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပေမယ့် သူတို့ဟာ အခုလအစောပိုင်းက ဆွေးနွေးညှိနှိုင်းမှုကနေ နုတ်ထွက်ခဲ့တာပါ။

အဲ့ဒါကြောင့် ဘော်ဒိုးအသင်းဟာ DNCG ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အယူခံဝင်မှုကို ရုပ်သိမ်းခဲ့ပြီး လာမယ့်ရာသီ National 1 ပြိုင်ပွဲကို တန်းဆင်းကစားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဇီဒန်း၊ လီဇာရာဇူးတို့လို့ နာမည်ကြီးတွေကစားခဲ့တဲ့ ဘော်ဒိုးအသင်းဟာ ၂၀၂၂ က လီဂူး-၁ ကနေ လီဂူး-၂ ကို တန်းဆင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီက လီဂူး-၂ ပြိုင်ပွဲမှာ အဆင့်(၁၂)နေရာက ရပ်တည်ခဲ့တာပါ။

ဒါပေမယ့် ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးအခြေအနေတွေကြောင့် လာမယ့်ရာသီ ပြင်သစ်တတိယတန်းကို တန်းဆင်းပြီး ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *