ငယ်ရွယ်စဉ်က တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ဂိုးတွေအများကြီး သွင်းခဲ့တယ်ဆိုတဲ့ လန်နီယိုရို

0

မန်ယူနိုက်တက်အသင်းကို ပြင်သစ်ကလပ် လိုင်လီအသင်းက ပြောင်းရွှေ့လာတဲ့ ပြင်သစ်လူငယ် နောက်ခံလူလန်နီယိုရို(၁၈ နှစ်)က သူ့အနေနဲ့ ငယ်ရွယ်စဉ်အချိန်တုန်းက နောက်ခံလူတစ်ဦးမဟုတ်ဘဲ တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ လူငယ်ကစားသမားဘဝမှာ ဂိုးတွေအများကြီးသွင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တယ်လို့လည်း ယိုရိုက ပြောခဲ့ပါတယ်။

“အရင်တုန်းက ကျွန်တော်က တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပါတယ်။ အခုလို နောက်ခံလူတစ်ဦးမဟုတ်ခဲ့ပါဘူး။ အရပ်မြင့်မြင့်မားမားနဲ့ လျင်မြန်တဲ့တိုက်စစ်မှူးတစ်ဦးပေါ့။ ကျွန်တော် ဂိုးတွေလည်းအများကြီးသွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ကို ပေါ်တူဂီတိုက်စစ်ကစားသမား နာနီရဲ့ကစားပုံနဲ့ တူတယ်လို့ အတော်များများက ခိုင်းနှိုင်းပြောခဲ့ကြပါတယ်။ သူ့ကိုလည်း ငယ်ငယ်က ကျွန်တော်အတော်ကြိုက်ခဲ့ပါတယ်”လို့ ယိုရိုက ဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ နောက်ခံလူတစ်ဦးဖြစ်နေတဲ့ ယိုရိုကို မီဒီယာတွေက မန်ယူနိုက်တက်နောက်ခံလူဟောင်း ဗာရန်းနဲ့ ခိုင်းနှိုင်းပြောဆိုကြပါတယ်။ ပြင်သစ်နောက်ခံလူ ဗာရန်းဟာ မန်ယူနိုက်တက်အသင်းကနေ အခုနွေရာသီမှာ ထွက်ခွာပြီး အီတလီကလပ် ကိုမိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ယိုရိုက ဗာရန်းနဲ့ နှိုင်းယှဉ်ပြောဆိုခံရတာကို သူ့အနေနဲ့ နှစ်သက်သဘောကျတယ်လို့လည်း ပြောခဲ့ပါတယ်။ “ဗာရန်းလို နောက်ခံလူတစ်ဦးနဲ့ နှိုင်းယှဉ်ပြောဆိုခံရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပေါ့ဗျာ”လို့ ယိုရိုက ပြောခဲ့ပါတယ်။ ယိုရိုက လိုင်လီအသင်းကို အသက်(၁၁)နှစ်အရွယ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး အသင်းမှာ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သူပါ။

သူ့ အသက်(၁၆)နှစ်(၆)ရက်မှာ လိုင်လီအသင်းကြီးမှာ စတင်ပါဝင်ကစားခွင့်ရခဲ့ပြီး မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၆၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဒီပြောင်းရွှေ့ကြေးက အသက်(၁၈)နှစ်အရွယ်နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *