Nike ရဲ့ (၂၅)နှစ်မြောက် ထုတ်လုပ်မှုဖြစ်တဲ့ ပရီးမီးယားလိဂ်ဘောလုံး Nike Flight

0

လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုမယ့်ဘောလုံးကို NIKE ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဘောလုံးကို Nike Flight လို့ အမည်ပေးထားပြီး သြဂုတ်(၁၆)ရက်နေ့(သောကြာနေ့)မှာ စတင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ် မန်ယူနိုက်တက်-ဖူလ်ဟမ်ပွဲမှာ စပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။

Nike Flight ဘောလုံးကို Aerowsculpt နည်းပညာနဲ့ ထုတ်လုပ်ထားပြီး လေကြောင်းဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ မျက်နှာပြင်မှာ အရင်ဘောလုံးတွေထက် ပိုနက်တဲ့ မြောင်းတွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လေတိုက်နှုန်းကို ပိုမိုခံနိုင်ရည်ရှိပြီး မိမိအလိုရှိတဲ့နေရာကို ပိုမိုတိကျစွာကန်နိုင်မယ်လို့ NIKE ရဲ့တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဘောလုံးရဲ့အရောင်အသွေးကတော့ အဝါရောင်တောက်တောက်နဲ့ ခရမ်းရောင်ကို အချိုးကျစွာပေါင်းစပ်ထားတာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် NIKE ကုမ္ပဏီက ဘောလုံးတွေ တာဝန်ယူထုတ်လုပ်ပေးနေတာ (၂၅)နှစ်ရှိပြီဖြစ်ပါတယ်။အရောင်အသွေးစုံ၊ ဒီဇိုင်းစုံနဲ့ NIKE က ထုတ်လုပ်တဲ့ ဘောလုံးတိုင်းဟာ ပရီးမီးယားလိဂ်ပရိသတ်ကို ဖမ်းစားခဲ့ပါတယ်။

ဒါပေမယ့် Nike Flight ဟာ NIKE နဲ့ ပရီးမီးယားလိဂ်တို့လက်တွဲတာ နောက်ဆုံးအဆုံးသတ်ဖြစ်လာလိမ့်မယ်လို့ ESPN ကဖော်ပြခဲ့ပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ NIKE ရဲ့နေရာမှာ PUMA ကုမ္ပဏီက အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီရောက်ရင် PUMA ကုမ္ပဏီက ထုတ်လုပ်တဲ့ဘောလုံးတွေကို စတင်မြင်တွေ့ရမှာဖြစ်တယ်လို့ ESPN ကဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *