ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကစားသမား အပြောင်းအရွှေ့ ​ကနေ အမြတ်အစွန်း အများဆုံးရခဲ့တဲ့ လိုင်လီအသင်း

0

ပြင်သစ်ကလပ် လိုင်လီအသင်းဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ကစားသမားအပြောင်းအရွှေ့တွေကနေ အမြတ်အစွန်းအများဆုံးရရှိတဲ့ကလပ်အသင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။

လိုင်လီအသင်းအနေနဲ့ သူတို့ရဲ့ကစားသမားတွေကို ဝယ်ယူစဉ်က တန်ဖိုးနည်းပါးစွာပေးခဲ့ရပြီး ရောင်းချချိန်မှာ မြင့်မားတဲ့ကြေးတွေနဲ့ ရောင်းခဲ့တာကြောင့် အမြတ်အစွန်းများစွာရခဲ့သလို၊ ဟာဇက်၊ ယိုရိုတို့လို ငယ်မွေးခြံပေါက်ကစားသမားတွေကလည်း မြင့်မားတဲ့ကြေးတွေ ရခဲ့တာကြောင့် ကစားသမားအပြောင်းအရွှေ့တွေကနေ အမြတ်အစွန်းအများဆုံးရရှိတဲ့ကလပ်အသင်းအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

CIES Football Observatory ရဲ့ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း ကစားသမားအပြောင်းအရွှေ့တွေမှာ အရှုံးအမြတ်ကို အခြေခံတွက်ချက်မှုအရ လိုင်လီအသင်းဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမြတ်အစွန်းငွေ ယူရို(၄၄၈)သန်းအထိရှိခဲ့ကြောင်း သိရပါတယ်။

ဒီနွေရာသီမှာ မန်ယူနိုက်တက်အသင်းထံ ယူရို(၆၂)သန်းနဲ့ ရောင်းချခဲ့တဲ့ ပြင်သစ်နောက်ခံလူလန်နီယိုရို(၁၈ နှစ်)ဟာ လိုင်လီအသင်း ပြောင်းရွှေ့ကြေး လုံးဝမပေးခဲ့ရဘဲ အသက်(၁၁)နှစ်အရွယ်ကတည်းက အသင်းမှာခေါ်ယူထားတဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပါတယ်။

ဘယ်လ်ဂျီယံတောင်ပံကစားသမားဟာဇက်ဆိုရင်လည်း လိုင်လီအသင်းကို အသက်(၁၄)နှစ်အရွယ်ကတည်းက ရောက်ရှိလာပြီး သူ့အသက်(၂၁)နှစ်အရွယ်မှာ ချယ်လ်ဆီးအသင်းကို ရောင်းချခဲ့ရာမှာ ယူရို(၃၅)သန်းရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်း ယူရိုသန်း(၈၀)နဲ့ ခေါ်ယူခဲ့တဲ့ အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမား နီကိုးလပ်စ်ပေပေကို လိုင်လီအသင်းခေါ်ယူခဲ့စဉ်က ယူရို(၁၈)သန်းသာ ပေးခဲ့ရတာပါ။

ဒီလိုပဲ နာပိုလီအသင်းကို ယူရို(၇၇.၅)သန်းနဲ့ ရောင်းချခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးအိုဆီမန်အတွက် လိုင်လီအသင်း ရင်းနှီးခဲ့ရတာ ယူရို(၂၂.၄)သန်းသာရှိခဲ့ပြီး တစ်နှစ်အတွင်း ယူရို(၅၅)သန်းအမြတ်ထွက်ခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ (၁၀)နှစ်အတွင်း လိုင်လီအသင်းရဲ့ ကစားသမားအပြောင်းအရွှေ့တွေကနေရရှိတဲ့ အမြတ်အစွန်းကို ဘယ်ကလပ်အသင်းမှ လိုက်မမီဘဲ အမြတ်ငွေအများဆုံးရရှိတဲ့အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *