လစာငွေနဲ့ အချိုးချရင် မန်စီးတီးမှာ တစ်ပွဲအတွက် ပေါင် (၃.၅)သန်း တန်ကြေးရှိနေတဲ့ စကော့ကာဆန်

0

မန်စီးတီးအသင်းကို ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာတဲ့ အင်္ဂလန်ဝါရင့်ဂိုးသမား စကော့ကာဆန်(၃၈ နှစ်)ဟာ ဒီအသင်းမှာ (၅)ရာသီကြာ ဖြတ်သန်းခဲ့ပြီးပါပြီ။

ဒီ(၅)ရာသီအတွင်း စကော့ကာဆန် ကစားခဲ့တဲ့ပွဲအရေအတွက် စုစုပေါင်းက (၂)ပွဲသာဖြစ်ပါတယ်။

ဒီအသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်အတွင်း စကော့ကာဆန်ရရှိခဲ့တဲ့ ဆုဖလားအရေအတွက်က သူကစားခဲ့တဲ့ပွဲအရေအတွက်ထက် အဆမတန်များပြားနေပါတယ်။

ဒီနွေရာသီမှာလည်း မန်စီးတီးအသင်းဟာ စကော့ကာဆန်ကို အသင်းမှာ နောက်တစ်ရာသီဆက်ရှိစေဖို့ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်လိုက်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အသက်အရွယ်ရလာပြီး အသင်းမှာ သိပ်ပြီးအသုံးမပြုတဲ့ ကစားသမားတစ်ဦးကို ဘာဖြစ်လို့အသင်းလူစာရင်းမှာ ဆက်ထားနေရသလဲဆိုတော့ အကြောင်းတစ်ချက်ရှိပါတယ်။

လက်ရှိပရီးမီးယားလိဂ်ရဲ့ Home Grown စည်းမျဉ်းအရ ကစားသမား(၂၅)ဦးမှာ (၈)ဦးက ငယ်မွေးခြံပေါက်ကစားသမားဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ငယ်မွေးခြံပေါက်ကစားသမားအဖြစ် သတ်မှတ်တဲ့အချက်တွေထဲမှာ အင်္ဂလန်ကလပ်အသင်းတစ်သင်းသင်းမှာ လူငယ်ကစားသမားတစ်ဦးအဖြစ် (၃)နှစ်ကြာကစားဖူးရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

စကော့ကာဆန်ဟာ ငယ်ရွယ်စဉ်က လိဒ်စ်အသင်းမှာ လူငယ်ကစားသမားတစ်ဦးအဖြစ် (၃)နှစ်ကြာဖြတ်သန်းခဲ့ဖူးသူပါ။ ဒါကြောင့် မန်စီးတီးအသင်းအနေနဲ့ သူ့ကို ပရီးမီးယားလိဂ်ရဲ့သတ်မှတ်ချက်အတိုင်း ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးအဖြစ် စာရင်းပေးနိုင်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက မန်စီးတီးအသင်းနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စကော့ကာဆန်က ပွဲချိန်နောက်ဆုံးမိနစ်(၂၀)လောက် လူစားဝင်ကစားခဲ့ရပါတယ်။ သူ ကွင်းထဲဝင်လာတော့ တစ်ကွင်းလုံးက မတ်တပ်ရပ်ပြီး သူ့ကို လက်ခုပ်တီးသြဘာပေးခဲ့ကြပါတယ်။

ဒီပွဲက မန်စီးတီးအသင်းမှာ သူ့အတွက် ဒုတိယမြောက်နဲ့ နောက်ဆုံးကစားထားရတဲ့ပွဲဖြစ်ပါတယ်။ ဒီနောက်ပိုင်း သူ့အနေနဲ့ အသင်းမှာ တစ်ပွဲမှ မပါရသေးပေမယ့် မန်စီးတီးအသင်းက အသင်းမှာ သူ့ကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ စကော့ကာဆန်ဟာ တစ်ပတ်လစာငွေ ပေါင်(၃၀၀၀၀)ဝန်းကျင်နဲ့ တစ်နှစ်ကို လစာငွေ ပေါင်(၁.၄)သန်းရရှိနေပါတယ်။ သူ ပါဝင်ကစားရတဲ့ပွဲကို သူရရှိတဲ့လစာငွေနဲ့ အချိုးချကြည့်ရင် တစ်ပွဲကို ပေါင်(၃.၅)သန်းလောက် တန်ကြေးရှိနေမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *