အရေအတွက် (၂၅၀)အထိ လျှော့ချမှာကြောင့် ပူပန်နေရတဲ့ အိုးထရက်ဖို့ဒ်ဝန်ထမ်းတွေရဲ့ သောက

0

မန်ယူနိုက်တက်အသင်းရဲ့အဓိကရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INOES Management အဖွဲ့ဟာ အသင်းက ဝန်ထမ်းအရေအတွက်ကို လျှော့ချဖို့ ပြင်ဆင်နေလို့ အိုးလ်ထရက်ဖို့ဒ်က ဝန်ထမ်းအတော်များများအနေနဲ့ စိုးရိမ်ပူပန်သောကရောက်နေရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အခြားကလပ်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် ဝန်ထမ်းအရေအတွက် ဖောင်းပွနေပြီး စုစုပေါင်း ဝန်ထမ်းအရေအတွက် (၁၁၀၀)လောက်ရှိနေတာပါ။

ဒါကြောင့် INOES Managment အဖွဲ့က တာဝန်ရှိသူတွေအနေနဲ့ ဝန်ထမ်းအရေအတွက်ကို (၂၅၀)လောက်လျှော့ချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လက်ရှိမှာ အမေရိကန်နိုင်ငံကို ခြေစမ်းခရီးထွက်ခွာလျက်ရှိနေပြီး ဒီခရီးစဉ်မှာ ဝန်ထမ်းတချို့လိုက်ပါသွားခဲ့ပါတယ်။

အမေရိကန်ခရီးစဉ်ကို လိုက်ပါခွင့်ရတဲ့ဝန်ထမ်းတွေက မိမိတို့ရဲ့အလုပ်ရာထူးတွေအတွက် စိတ်ချရပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ကျန်ခဲ့တဲ့ဝန်ထမ်းတွေကတော့ လျှော့ချခံရမယ့်အုပ်စုထဲ ပါဝင်မှာကို စိုးရိမ်ပူပန်နေရတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။ အမေရိကန်ခရီးစဉ်ကို မန်ယူနိုက်တက်အသင်းက ကစားသမား/နည်းပြအဖွဲနဲ့ ဝန်ထမ်းစုစုပေါင်း (၁၂၅)ဦးသွားရောက်တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းရဲ့အသုံးစရိတ်ကို အတတ်နိုင်ဆုံးလျှော့ချလိုနေပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က INOES Managment အဖွဲ့တာဝန်ရှိသူတချို့ဟာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး ဝန်ထမ်းအရေအတွက် လျှော့ချမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းမှာ ပြုပြင်ပြောင်းလဲမှုတွေများစွာပြုလုပ်နေပြီး ကစားသမား/နည်းပြတွေရဲ့တိုးတက်မှုကိုသာမက ဝန်ထမ်းတွေဆီကလည်း တိုးတက်ပြောင်းလဲမှုကို အလိုရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် စွမ်းရည်နိမ့်ကျပြီး ရေသာခိုနေတဲ့ ဝန်ထမ်းအများစုအနေနဲ့ လျှော့ချခံရမယ့်စာရင်းမှာ ပါဝင်မှာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *