ဘောလုံးနဲ့ထိတိုင်း လှောင်ပြောင်ခံရတဲ့ ဂရီးလစ်ရှ်နဲ့ အရှုံးနဲ့ တာထွက်ခဲ့ရတဲ့ မန်စီးတီးရဲ့ နွေရာသီ

0

ဒီမနက်က အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းက စကော့တလန်လိဂ်ချန်ပီယံဆဲလ်တစ်အသင်းကို (၃-၄)ကိုနဲ့ ရှုံးနိမ့်ပြီး ဒီနွေရာသီကို အရှုံးနဲ့ စတင်တာထွက်ခဲ့ရပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ဘောလုံးထိတဲ့အချိန်တိုင်း ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဂရီးလစ်ရှ်ဟာ ဒီပွဲမှာ တိုက်စစ်မှူးဟာလန်း၊ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်နဲ့အတူ မန်စီးတီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။

ဂရီးလစ်ရှ်ဟာ ဒီပွဲကို ကြည့်ရှုဖို့ ရောက်လာခဲ့တဲ့ ဆဲလ်တစ်ပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုမှုကို မရရှိခဲ့ဘဲ ဘောလုံးထိတဲ့အချိန်တိုင်း လှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ကို ဒီလိုလှောင်ပြောင်မှုအပေါ် ပရိသတ်အချို့က ဒီအကြောင်းအရင်းကို သိတယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ကြပြီး အချို့ပရိသတ်တွေအတွက်တော့ ပဟေဠိဆန်ခဲ့ကြတာပါ။

ပရိသတ်တချို့က ဂရီးလစ်ရှ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် မကစားပေးခင်မှာ အိုင်ယာလန်လူငယ်အသင်းအတွက် ကစားပေးခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့ သူတို့ရဲ့ယူဆချက်တွေကို ဖော်ပြခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက “သူဟာ အင်္ဂလန်အတွက် အိုင်ယာလန်ကို စွန့်ပစ်ခဲ့တာကို ဆဲလ်တစ်ပရိသတ်တွေက လွယ်လွယ်နဲ့ မေ့မှာမဟုတ်ဘူး”လို့ ရေးသားခဲ့တာပါ။

ဆဲလ်တစ်အသင်းဟာ ၁၈၈၇ မှာ ကလပ်ရဲ့ဖောင်ဒေးရှင်းကို စတင်တည်ထောင်ကတည်းက အိုင်ယာလန်နိုင်ငံနဲ့ ချိတ်ဆက်ထားပြီး ဆဲလ်တစ်နဲ့ အိုင်ယာလန်နိုင်ငံ ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံကိုယ်စားပြုရာကနေ အင်္ဂလန်နိုင်ငံအတွက်ကိုယ်စားပြုဖို့ ပြောင်းလဲခဲ့တာ ဂရီးလစ်ရှ်တစ်ဦးတည်းသာ မဟုတ်ဘဲ အာဆင်နယ်အသင်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်လည်း ပြောင်းလဲခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *