နယူးဇီလန်-ကနေဒါ အမျိုးသမီးပွဲကြို ဒရုန်းထောက်လှမ်းရေး ဇာတ်လမ်း

0

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် နယူးဇီလန်အမျိုးသမီးဘောလုံးအသင်းရဲ့လေ့ကျင့်ရေးကွင်းအပေါ်မှာ ဇူလိုင်(၂၄)ရက် မနက်ပိုင်းက ဒရုန်းတစ်စင်း ပျံသန်းနေတာကို နယူးဇီလန်အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေ သတိထားမိခဲ့ပါတယ်။

ဒီအချိန်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစစအရာရာကို သတိထားနေရတဲ့အချိန်ဖြစ်တာကြောင့် တာဝန်ရှိသူတွေက အချိန်မဆိုင်းဘဲ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက တစ်ဆင့် ပြင်သစ်ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။

အဲဒီနောက် ဒရုန်းလွှတ်တင်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ သူက ကနေဒါအမျိုးသမီးဘောလုံးအသင်းမှာ ပါလာတဲ့ အကူဝန်ထမ်းတစ်ဦးသာ ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးမှုအရ ဒရုန်းလွှတ်တင်ခိုင်းပြီး နယူးဇီလန်အမျိုးသမီးအသင်းရဲ့နည်းစနစ်တွေကို ထောက်လှမ်းဖို့ စေခိုင်းခဲ့တာက ကနေဒါအမျိုးသမီးအသင်းရဲ့လက်ထောက်နည်းပြဂျက်စမင်မန်ဒါနဲ့ နည်းစနစ်လေ့လာရေးနည်းပြလမ်ဘာဒီတို့ဖြစ်ပါတယ်။

ဒီလို သူတစ်ပါးအသင်းကို မသမာတဲ့နည်းနဲ့ နည်းစနစ်တွေထောက်လှမ်းတာ ဘူးပေါ်သလို ပေါ်ခဲ့ပြီးနောက်မှာ ကနေဒါအမျိုးသမီးအသင်းလည်း အရှက်ကွဲခဲ့ပါတယ်။

ဒါကြောင့် ကနေဒါအိုလံပစ်ကော်မတီက ပြိုင်ဘက်ရဲ့နည်းစနစ်တွေကို တရားမဝင်ထောက်လှမ်းခဲ့တဲ့ ဒီနည်းပြအဖွဲ့ဝင်(၂)ဦးကို အိုလံပစ်ပြိုင်ပွဲဝင်ရာ ပြင်သစ်နိုင်ငံမှာ ဆက်မထားတော့ဘဲ နေအိမ်ကို ပြန်စေခဲ့ပါတယ်။
ကနေဒါအမျိုးသမီးအသင်းရဲ့နည်းပြဖြစ်သူ ဘက်ဗ်ပရီယပ်စ်မန်လည်း ဒီဖြစ်ရပ်မှာ သူ့တာဝန်မကင်းဘူးလို့ ယူဆတဲ့အတွက် နယူးဇီလန်နဲ့ ကနေဒါကစားမယ့်ပွဲမှာ အသင်းကို သူကြီးကြပ်တာဝန်ယူမှာမဟုတ်ဘူးလို့ သူ့ကိုယ့်သူ ပွဲပယ်ပြစ်ဒဏ်ချလိုက်ပါတယ်။

နယူးဇီလန်အမျိုးသမီးအသင်းနဲ့ ကနေဒါအမျိုးသမီးအသင်းတို့ ကစားမယ့် အုပ်စုအဖွင့်ပွဲကို ဒီနေ့ ကစားသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *