ပရော်ဖက်ရှင်နယ် ကလပ်အသင်းဘဝကို စွန့်လွှတ်ခဲ့တဲ့ ဘော်ဒိုးအသင်း

0

ပြင်သစ်ကလပ် ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ပရော်ဖက်ရှင်ကလပ်အသင်းဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကို အသိပေးအကြောင်းကြားခဲ့ပါတယ်။

ကလပ်အသင်းကို ပရော်ဖက်ရှင်ကလပ်အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့အခြေအနေမရှိတော့တာကြောင့် ဘော်ဒိုးအသင်းတာဝန်ရှိသူတွေက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို မဖြေရှင်းနိုင်လို့ ပြင်သစ်လိဂ်တတိယတန်းကို တန်းဆင်းကစားဖို့ ပြစ်ဒဏ်ချခံထားရပါတယ်။

ဇူလိုင်လအစောပိုင်းက ချမှတ်ထားတဲ့ဒီပြစ်ဒဏ်ကို အယူခံမဝင်တော့တာကြောင့် မူလက ပြင်သစ်လိဂ်ဒုတိယတန်းကနေ တတိယတန်းကို တန်းဆင်းကစားဖို့ သတ်မှတ်ခံထားရတာပါ။ ပြီးခဲ့တဲ့ရာသီက ဘော်ဒိုးအသင်းဟာ ပြင်သစ်ဒုတိယတန်းဖြစ်တဲ့ Ligue 2 မှာ ဒုတိယနေရာရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ လီဂူး-ဝမ်းချန်ပီယံ ဖြစ်ခဲ့တဲ့ ဘော်ဒိုးအသင်း

အခုသူတို့ရဲ့ပရော်ဖက်ရှင်ကလပ်အသင်းဖြစ်တည်မှုကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကို ဘော်ဒိုးအသင်းက အသိပေးအကြောင်းကြားခဲ့တာပါ။

၁၈၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြင်သစ်အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံအဖြစ်(၆)ကြိမ်တိုင် ဗိုလ်စွဲခဲ့ဖူးတဲ့ ဘော်ဒိုးအသင်းအနေနဲ့ အသင်းမှာ ရှိတဲ့ကစားသမားတွေနဲ့ ချုပ်ဆိုထားတဲ့စာချုပ်တွေကိုလည်း အဆုံးသတ်ရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ကလပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လည်းပိတ်ရတော့မှာဖြစ်ပြီး ငွေရေးကြေးရေးပိုင်ဆိုင်ရာအပါအဝင် ပရော်ဖက်ရှင်နယ်ကလပ်အသင်းတစ်သင်းအနေနဲ့ လည်ပတ်နေမှုကို အဆုံးသတ်ရတော့မှာပါ။

ဘော်ဒိုးအသင်းဟာ ဇီဒန်း၊ ဒူဂါရီ၊ လီဇာရာဇူးအစရှိတဲ့ ပြင်သစ်ဂန္ထဝင်ကစားသမားတွေ ကစားခဲ့ဖူးတဲ့အသင်းတစ်သင်းဖြစ်ပြီး ဘဏ္ဍာရေးအကျပ်အတည်းတွေ့နေတဲ့ ဒီအသင်းကို လီဗာပူးလ်အသင်းပိုင်ရှင် FSG ကုမ္ပဏီက ဝယ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် FSG က သူတို့ရဲ့ကြိုးပမ်းမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်မှာ ဒီလိုပရော်ဖက်ရှင်နယ်ကလပ်အသင်းဘဝကို စွန့်လွှတ်ရတဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *